မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ် (၁၉)ရက်မှ (၂၄) ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့၌ ကျင်းပသည့် ဆွစ်အိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။
သက်ထားသူဇာသည် ပထမအဆင့်တွင် တောင်ကိုရီးယားနိုင်ငံသူ ကင်မ်ဂါအွန် နှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် (၂၁-၁၅)မှတ်၊ ဒုတိယပွဲငယ်တွင် (၂၁-၁၀) မှတ်ဖြင့် နှစ်ပွဲပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာနှင့် တွေ့ဆုံခဲ့သည့် ကင်မ်ဂါအွန်သည် ယခုပြိုင်ပွဲတွင် နိုင်ခြေအဆင့် (၆) အထိ သတ်မှတ်ခံထားရသူဖြစ်သည်။
သက်ထားသူဇာသည် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ဥရောပနိုင်ငံများသို့ သွားရောက်ကာ BWF ပြိုင်ပွဲများ ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး တတိယမြောက်ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းလည်းဖြစ်သည်။ သက်ထားသူဇာသည် ဖေဖော်ဝါရီ (၂၇) ရက်မှ မတ် (၃)ရက်အထိ ဂျာမနီနိုင်ငံ၌ကျင်းပသည့် ဂျာမန်အိုးပင်း ကြက်တောင်ပြိုင်ပွဲ၊ မတ် (၅)ရက်မှ (၁၀)ရက်အထိ ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပသည့် ပြင်သစ်အိုးပင်းကြက်တောင် ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ပွဲ နှစ်ခုစလုံးတွင် ပထမအဆင့်မှ ထွက်ခဲ့ရသလို ယခုပြိုင်ပွဲတွင်လည်း ရလဒ်မကောင်းဘဲ ပထမအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။
သက်ထားသူဇာသည် ဆွစ်အိုးပင်းပြိုင်ပွဲအပြီးတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပမည့် မက်ဒရစ်မာစတာ ကြက်တောင်ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ မက်ဒရစ်မာစတာကြက်တောင်ပြိုင်ပွဲကို မတ် (၂၆)ရက်မှ (၃၁)ရက်အထိ ကျင်းပမည်ဖြစ်သည်။