ကွန်ဂိုနိုင်ငံ၏ ဒေသအချို့တွင် mpox ရောဂါကူးစက်မှုများကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယခု ကူးစက်မှုများသည် ပြီးခဲ့သည့်နှစ်က အာဖရိကတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် mpox ရောဂါကူးစက်မှုကို ပထမဆုံးအကြိမ်အတည်ပြုခဲ့ပြီးကတည်းက အာဖရိကဒေသအနှံ့တွင် ထိုရောဂါပျံ့နှံ့နေကြောင်း အရိပ် လက္ခဏာတစ်ခုဖြစ်ခဲ့သည်။
ကွန်ဂိုတွင် mpox ရောဂါကူးစက်ခံရသူ ၄၃ ဦးရှိပြီး ထိုရောဂါသည် နိုင်ငံ၏နေရာဒေ သ ၁၂ ခုအနက် ကိုးခုတွင် ကူးစက်ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
mpox ရောဂါသည် တောရိုင်းတိရစ္ဆာန်များမှ အစပြုပေါ်ပေါက်သည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး တိရစ္ဆာန်များမှတစ်ဆင့် လူသားများထဲသို့ ကူးစက်ကာ လူအချင်းချင်းကူးစက်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။
ထိုဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းရှိ မျောက်များတွင် စတင်တွေ့ရှိခဲ့သဖြင့် မျောက်ကျောက်ရောဂါဟု စတင်ခေါ်ဝေါ်ခဲ့ပြီး နောက်ပိုင်းတွင် လူမျိုးရေးခွဲခြားမှုပြဿနာများရှိလာနိုင်သဖြင့် mpox ဟု အမည်ပြောင်း လဲခဲ့ခြင်းဖြစ်သည်။
ယင်းရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူများ သို့မဟုတ် တိရစ္ဆာန်များနှင့်အနီးကပ်ထိတွေ့မိရာမှ ကူးစက်ခံရနိုင်သည့်အပြင် ညစ်ညမ်းသည့်အခင်းများကဲ့သို့ ပစ္စည်းများမှတစ်ဆင့် ကူးစက်ခံရနိုင်ပြီးဖျားနာခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့်အရေပြားယားယံကာ အဖုအပိမ့်များထွက်ခြင်းတို့ကို ခံစားရနိုင်သည်။
၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကတည်းက ဗဟိုနှင့်အနောက်အာဖရိကနေရာများတွင် ယင်းရောဂါဖြစ်ပွားလေ့ရှိသော်လည်းဥရောပ၊ မြောက်အမေရိကနှင့်ကမ္ဘာ့နိုင်ငံအများအပြားတွင် အထူးသဖြင့် လိင်တူချစ်သူအမျိုးသားများနှင့် လိင်တူလိင်ကွဲဆက်ဆံသူအမျိုးသားများအကြား ယင်းရောဂါကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားခဲ့သည်။ mpox လူနာများတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ဆက်စပ်ရောဂါများဖြစ်ပွားလေ့ရှိသည်။
ကွန်ဂို၏ အိမ်နီးချင်း ဒီအာကွန်ဂိုနိုင်ငံတွင်လည်း mpox ရောဂါကူးစက်မှုများဖြစ်ပွားနေပြီး ထိုကူးစက်မှုများသည် လိင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း WHO က နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။
“ဒီအာကွန်ဂိုကနေ နိုင်ငံတကာမှာ နောက်ထပ်ကူးစက်မှုတွေ ဖြစ်လာနိုင်တဲ့ အပေါ်ကျွန်မတို့ စိုးရိမ်မိပါတယ်”ဟုmpox ရောဂါအတွက် WHO ၏နည်းပညာဆိုင်ရာ ဦးဆောင်သူဒေါက်တာရိုဆာမွန်းလူးဝစ်က ပြောကြားခဲ့သည်။
ရာဂါကူးစက်ဖြစ်ပွားလေ့ရှိသည့်နေရာများ၏ အပြင်ဘက်ဖြစ်သော ဥရောပနှင့်အမေရိကန်တွင် လွန်ခဲ့သည့်နှစ်က ကူးစက်မှုများမြင့်တက်လာခြင်းကြောင်း WHO က နိုင်ငံတကာ စိုးရိမ်ဖွယ်အများပြည်သူ ကျန်းမာရေးအရေးပေါ်အခြေအနေ(PHEIC)ထုတ်ပြန်ကြေညာခဲ့သည်။ WHO က အရေး ပေါ်ကြေညာချက်ကို၂၀၂၃ ခုနှစ် မေ ၁၁ ရက်တွင် အဆုံးသတ်ခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလလယ်တွင် WHO က အမျိုးသားများနှင့် လိင်ဆက်ဆံသောအမျိုးသားများနှင့် လိင်လုပ်သားများအတွက် ကမ္ဘာလုံးဆိုင်ရာအန္တရာယ်အကဲဖြတ်မှုကို အလယ်အလတ်အဆင့်အဖြစ်သတ်မှတ် ခဲ့သည်။အစောပိုင်းက အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) ၏အောက်တိုဘာလအတွင်း ထုတ်ပြန်ချက်အရ mpox ကူးစက်မှုများ၏ ၁ ဒသမ ၃ ရာခိုင်နှုန်း သည် ကလေးများနှင့်ဆယ်ကျော်သက်အရွယ်များဖြစ်သည်ဟု အတည်ပြုထားသည်။
၂၀၂၂ ခုနှစ်က နိုင်ငံတကာတွင် ကူးစက်ဖြစ်ပွားခဲ့သည့် mpox ရောဂါသည် လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဖြစ်ပွားခဲ့သည်။