အမေရိကန်စစ်တပ်သည် ဂျပန်နိုင်ငံတွင် အော့စပရေးလေယာဉ် ပျံသန်းမှုများကို ပြန်လည် လုပ်ဆောင်တော့မည်ဟု ဒေသခံတာဝန်ရှိသူတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့ရာ လူသေဆုံးခဲ့သည့် ပျက်ကျမှုများ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် အော့စပရေး လေယာဉ်များကို သုံးလကြာ ပျံသန်းမှုရပ်နား ထားခြင်းသည် အဆုံးသတ်သွားသည်။
ယင်းသို့ အော့စပရေး လေယာဉ် ပြန်လည်ပျံသန်းခြင်းက အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ထားရာ အိုကီနာဝါတောင်ပိုင်းရှိ ဒေသခံများကို ဒေါသထွက်စေခဲ့သည်။ စိုးရိမ်နေသော နယ်ခံများကို လုံလောက်သည့် ရှင်းလင်းပြောကြားမှုများမရှိခဲ့ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
အမေရိကန် အော့စပရေး လေယာဉ်သည် နိုဝင်ဘာလကုန်ပိုင်းတွင် ဂျပန်၌ ပျက်ကျခဲ့သောကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ရှစ်ဦးစလုံးသေဆုံးခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်း၌ အော့စပရေးလေ ယာဉ် ပျံသန်းမှုကို ရပ်နားထားမည်ဟု ဒီဇင်ဘာလထဲတွင် ဆုံးဖြတ်ခဲ့သည်။
“မတ် ၁၃ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်မှာ အော့စပရေးလေယာဉ် တစ်စီးပျံသွားတာကို ဒီမြို့တော်ခန်းမ အဆောက်အအုံကနေ မြင်ရတဲ့အတိုင်း ကျွန်တော်တို့အတည်ပြုပါတယ်”ဟု ဂျီနိုဝမ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အိုကီနာဝါရှိ ဂျီနိုဝမ်သည် အမေရိကန်မရိမ်းတပ်၏ ဖူတန်းမား လေတပ်အခြေစိုက်စခန်းတည်ရှိရာ နေရာဖြစ်သည်။
မိမိတို့၏ လေယာဉ်အမှုထမ်းများ ဘေးကင်းရေးကို ဦးစားပေးသည့် စေ့စပ်သေချာသော အချက်အလက်များဖြင့် ချဉ်းကပ်နည်းကို ဆောင်ရွက်ခဲ့ပြီးနောက် အော့စပရေး လေယာဉ်ပျံသန်းမှုကို ပိတ်ပင်မှုအား လွန်ခဲ့သော သီတင်းပတ်တွင် ပြန်လည်ခွင့်ပြုပေးခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့ပြီးနောက် ဂျပန်တွင် အော့စပရေး လေယာဉ်ပြန်လည် ပျံသန်းခဲ့ခြင်းဖြစ်သည်။
“လေယာဉ် ပျက်ကျတဲ့အထိဖြစ်ရတဲ့ ထိုးရပ်သွားတာမျိုးကို ဖြေရှင်းဖို့ ပြုပြင်ထိန်းသိမ်းရေးနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အပြောင်းအလဲတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် အော့စပရေးလေယာဉ်တွေဟာ ဘေးကင်းကင်းနဲ့ ပြန်လည်ပျံသန်းလို့ ရသွားတာဖြစ်ပါတယ်”ဟု Naval Air Systems Commands (NAVAIR) က ထုတ်ပြန်ခဲ့သည်။
ဂျပန်ရောက်အမေရိကန်တပ်ဖွဲ့များနှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့တို့သည် မတ် ၁၄ ရက်မှစတင်၍ အော့စပရေး လေယာဉ်ပျံသန်းမှုများကို တဖြည်းဖြည်း ပြန်လည်လုပ်ဆောင်သွားမည်ဟု မတ် ၁၃ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“အော့စပေရေး လေယာဉ်ရဲ့ပုံစံနဲ့ တည်ဆောက်ပုံတို့မှာ ပြဿနာမရှိပါဘူး။ လေ ယာဉ်ရဲ့သီးခြားအစိတ်အပိုင်းတွေထဲမှာ ချို့ယွင်းချက်ကြောင့် မတော်တဆဖြစ်ရတာ ဖြစ်ပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ဂျပန်နိုင်ငံရှိ အမေရိကန်စစ်သား ၅၄,၀၀၀ ထဲက စစ်သားအများစု အခြေစိုက်ရာ အိုကီနာဝါစီရင်စုရှိ ဒေသန္တရအစိုးရအဖွဲ့ကမူ အော့စပရေး လေယာဉ်ပျံသန်းမှုများနှင့် ပတ်သက်၍ စိတ်ပျက်လက်ပျက်ဖြစ်နေသည် မှာ ကြာပြီဖြစ်သည်။
“ဒေသခံတွေကို ရှင်းပြတာတွေမလုပ်ဘဲ ပျံသန်းတာတွေ ပြန်လည်လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော်တို့ အလွန်ဒေါသထွက်ပါတယ်”ဟု အုပ်ချုပ်ရေးမှူး ဒန်နီတာမာကီက မတ် ၁၃ ရက်တွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။
“မတော်တဆဖြစ်ရပ်တဲ့ အကြောင်းရင်းနဲ့ တန်ပြန်အစီအမံတွေကို ရှင်းရှင်းလင်းလင်း ပြောကြားတာမျိုး မလုပ်မချင်း အော့စပရေးလေယာဉ်တွေ ပျံသန်းတာကို လုပ်ဆောင်ခြင်း မပြုဖို့ အမေရိကန်စစ်တပ်နဲ့ ဒေသခံအစိုးရတို့ကို ကျွန်တော်တို့ ဆက်လက်တောင်းဆိုသွားမှာဖြစ်ပါတယ်။ အော့စပရေးလေယာဉ်တွေကို အိုကီနာဝါကနေ ဖယ်ရှားပေးဖို့ ဆက်လက်တောင်းဆိုမှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။