နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် မတ်လ ၁၉ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုမြင့်တက်နေစဉ် အဆိုပါတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပင်လယ်ပြင်၌ ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးပဋိပက္ခများအတွက် ပြင်ဆင်ရာတွင် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် တရုတ်သမ္မတ ရှီကျင်းပင်က တရုတ်စစ်တပ်ကို တိုက်တွန်းခဲ့ပြီးနောက် မားကို့စ်ကလည်း ဖိလစ်ပိုင်၏ ပင်လယ်ရေကြောင်း ပိုင်ဆိုင်ခွင့်များကို ကာကွယ်မည်ဟု ကတိပြုခဲ့သည်။
“ကျွန်တော်မအံ့သြမိပါဘူး။ ဒါပေမဲ့ တရုတ်က ဖိလစ်ပိုင်ရဲ့ ပိုင်နက်နယ်မြေတချို့ကို သိမ်းယူဖို့ ပိုမိုတက်တက်ကြွကြွ ကြိုးပမ်းလာချိန်မှာ မိမိတို့ရဲ့ ပင်လယ်ရေကြောင်း ပိုင်နက်ကို ကာကွယ်ဖို့ တတ်စွမ်းသမျှ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ယခုသီတင်းပတ်အတွင်း ဘာလင်သို့ အလုပ်သဘော ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မားကို့စ်က ပြောကြားခဲ့သည်။
ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင် ခေါင်းဆောင်တို့သည် လာမည့်ဧပြီလတွင် ၀ါရှင်တန်၌ ထိပ်သီးအစည်းအဝေးပြုလုပ်ရန် စီစဉ်နေသည်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ဂျပန်သတင်းစာ အဆာဟိက ဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟူသော တရုတ်၏ ပြောကြားချက်များသည် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိကြောင်း သည်ဟိဂ်မြို့အခြေစိုက် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အမြဲတမ်းခုံရုံးက ၂၀၁၆ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သော်လည်း တရုတ်က ယင်းဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အများစုကို အငြင်းပွားဖွယ်မရှိ အခွင့်အာဏာပိုင်ဆိုင်သည်ဟု အခိုင်အမာပြောဆိုထားသည်။