FacebookMessengerTelegramViberEmail
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုပုံစံကို အသွင်ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိစဉ် ယခုဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှု ငါးရာခိုင်နှုန်းခန့်ရရှိရန်ပစ်မှတ်ထား လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် စက်မှုထုတ်ကုန်များကိုလို အပ်ချက်ထက်များစွာကျော်လွန်၍ ထုတ်လုပ်ခြင်းကို ထိန်းချုပ်ရန်၊ အိမ်ခြံမြေကဏ္ဍတွင် ထိခိုက်ဆုံးရှုံးနိုင်ခြေကို ထိန်းသိမ်းရန်နှင့် ဒေသန္တရအစိုးရများ၏ အလေအလွင့်ဖြစ်စေ သော အသုံးစရိတ်များကိုလျှော့ချဖြတ် တောက်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။
ထျန်းအန်းမန်ရင်ပြင်ရှိ ပြည်သူ့ခန်းမဆောင်တွင် ပြုလုပ်သော တရုတ်၏ဥပဒေပြုလွှတ်တော်ဖြစ်သည့် အမျိုးသားပြည်သူ့ ကွန်ဂရက်(NPC)နှစ်ပတ်လည် အစည်းအဝေးတွင် လီက ၎င်း၏ပထမဆုံးလုပ်ငန်းအစီရင် ခံစာကိုဖတ်ကြားခဲ့သည်။
တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုလျာထားချက်သည် ယမန်နှစ်အတိုင်းဖြစ်သော်လည်း ထိုရည်မှန်းချက် ပြည့်မီရန်အတွက် အစိုးရအနေဖြင့် ပိုမိုအားကောင်းသည့် စီးပွားရေးနှိုးဆွမှုများ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ တရုတ်၏စီးပွားရေးသည် အခြေခံအဆောက် အအုံကဏ္ဍတွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် အမှီပြုနေရဆဲဖြစ်ကာ ယင်းသို့လုပ်ဆောင်ခြင်းကြောင့် မြူနီစီပယ် ကြွေးမြီပမာဏ ထူပြောလာခဲ့သည်။
ယမန်နှစ် ကိုဗစ်ကပ်ရောဂါ အလွန်ကာလ စီးပွားရေးနာလန်ထူမှု အရှိန်နှေးကွေးလျက်ရှိရာ အိမ်ထောင်စုများ၏ လည်ပတ်သုံးစွဲမှု လျော့နည်းလာကာ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ပြန်ရနှုန်းပိုမိုနည်းပါးလာသည့် အတွက် တရုတ်၏ဖွဲ့စည်းမှုဆိုင်ရာ မညီမျှမှုများနက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ခဲ့သဖြင့် ဖွံ့ဖြိုးမှုပုံစံသစ်ကို တောင်းဆိုမှုများ ရှိလာခဲ့သည်။
အိမ်ခြံမြေလုပ်ငန်း အကျပ်အတည်း၊ ငွေကျုံ့မှုပြဿနာ ပိုမိုနက်ရှိုင်းလာခြင်းနှင့် ဒေသန္တရအစိုးရများ၏ ကြွေးမြီမြင့်တက်လာခြင်းတို့အပေါ် စိုးရိမ်မှုများသည် တရုတ်ခေါင်းဆောင်များကို တိုးမြှင့်ဖိအားပေးနေသည့် ကိစ္စရပ်များဖြစ်သည်။
“အဆိုးဆုံးဖြစ်နိုင်ခြေကို ကျွန်တော်တို့ မျက်ခြည်ပြတ်ခံလို့မရဘဲဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေနဲ့ စိန်ခေါ်မှုတွေအတွက် ကောင်းစွာပြင်ဆင်ထားသင့်တယ်”ဟု ဝန်ကြီးချုပ်လီချန်က ပြောကြားသည်။
“အထူးသဖြင့် ကျွန်တော်တို့ဟာ ဖွံ့ဖြိုးမှုပုံစံသစ်ကို အသွင်ပြောင်းလဲရေး၊ ဖွဲ့စည်းမှုဆိုင်ရာ ချိန်ညှိပြင်ဆင်မှုတွေ လုပ်ဆောင်ရေး၊ အရည်အသွေးမြှင့်တင်ရေးနဲ့ စွမ်းဆောင်ရည်တိုးမြှင့်ရေးတို့ကို ဆက်လက်ဖော်ဆောင်ရမှာ ဖြစ်တယ်”ဟု လီက ဆိုသည်။ သို့သော် တရုတ်အနေဖြင့် မည်သည့်အပြောင်းအလဲများ ဖော်ဆောင်သွားမည်ကို လတ်တလော အသေးစိတ် မသိရသေးပေ။
တရုတ်သည် စီးပွားရေးကဏ္ဍထုတ်လုပ်မှု၌ ဘတ်ဂျက်လိုငွေပြမှုသုံးရာခိုင်နှုန်းဖြင့် လည်ပတ်ရန် စီစဉ်ထားသည်။ သို့သော် အရေးတကြီး လုပ်ဆောင်မှုအဖြစ် ကာလရှည် အစိုးရငွေတိုက်စာချုပ်များကို ယွမ်တစ်ထရီလျံဖိုး ထုတ်ဝေရန် စီစဉ်ထားသည်။
ထို့ပြင် စားသုံးသူဆိုင်ရာ ငွေကြေားဖောင်းပွမှုနှုန်းကို သုံးရာခိုင်နှုန်းတွင် ထိန်းထားရန်နှင့် ယခုနှစ်အတွင်း မြို့ပြတွင် အလုပ်အကိုင် ၁၂ သန်းကျော် ဖန်တီးပေးရန်ရည်မှန်းထားကြောင်း သိရသည်။