မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့သည် လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် လီဗာပူးလ် – မန်စီးတီးပွဲအတွက် လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေကြောင်း သိရသည်။
ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား၏ ပထမနှင့် ဒုတိယနေရာ၌ ရပ်တည်နေသော လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် လာမည့် တနင်္ဂနွေနေ့တွင် အန်ဖီးလ်ကွင်း၌ ထိပ်တိုက်ရင်ဆိုင်ကြရမည်ဖြစ်သည်။ ယင်းပွဲမှာ ချန်ပီယံဆုအတွက် အမှတ်လုပွဲဖြစ်သည့်အပြင် အိမ်ရှင်ပရိသတ်များက မန်စီးတီးအသင်း၏ ဘတ်စ်ကားကို တိုက်ခိုက်သည့်ဖြစ်ရပ်များ ရှိခဲ့ဖူးသည့်အတွက် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းပရိသတ်များသည် ၂၀၁၈ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် ရောက်ရှိလာသည့် မန်စီးတီးအသင်း၏ ဘတ်စ်ကားကို အရာဝတ္ထုပစ္စည်းအချို့ဖြင့် ပစ်ပေါက်တိုက်ခိုက်မှုပြုလုပ်ခဲ့သလို၊ ပြီးခဲ့သည့်ဘောလုံးရာသီ၌ ပရီးမီးယားလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ရောက်ရှိလာစဉ်တွင်လည်း ပစ်ပေါက်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ထို့ကြောင့် ဆိုးရွားသည့်ဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းမရှိစေရန်အတွက် မာဆေးဆိုက်ဒ် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အန်ဖီးလ်သို့ လာရောက်ကစားသည့် မန်ယူအသင်း၏ဘတ်စ်ကား တိုက်ခိုက်ခံရပြီး အသက် ၂၃ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း လီဗာပူးလ်အသင်းမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် ယခုနောက်ပိုင်းကာလများတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်များဖြစ်လာသောကြောင့် ပရိသတ်များအကြား အားပြိုင်မှုများလည်း ပိုမြင့်တက်လာကြောင်း သိရသည်။