တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ၎င်းတို့၏ နှစ်စဉ်ပြုလုပ်မြဲ နွေဦးရာသီစစ်ရေးလေ့ကျင့်မှုများကို မတ်လ ၄ ရက်တွင် စတင်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်အရေအတွက်သည် ယမန် နှစ်ထက် နှစ်ဆပိုများသည်ဟုတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မဟာမိတ်နိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အန္တရာယ် မြင့်တက်လာမှုကို ပိုမိုထိရောက်စွာတုံ့ပြန်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
မြောက်ကိုရီးယားက ၎င်းတို့၏ နျူကလီးယားစွမ်းရည်ကို တိုးမြှင့်တည်ဆောက်ကာ ဒုံးလက်နက်နှင့် အခြားလက်နက်စမ်းသပ်မှုများကိုု အရှိန်မြှင့်လုပ်ဆောင်နေစဉ် တောင်ကိုရီးယားနှင့် အမေရိကန်တို့က Freedom Shield ဟုအမည်ရသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်မှ ၁၄ ရက်အထိ ပြု လုပ်သွားမည်ဖြစ်သည်။
ယင်းသည် ကိုရီးယားနှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို မြောက်ကိုရီးယားဘက်က ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်း၎င်းစစ်ရေးလေ့ကျင့်မှုကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။
ထို့ပြင် မဟာမိတ်နှစ်နိုင်ငံသည် ငါးရက်ကြာပြုလုပ်မည့် နှစ်စဉ်ပြုလုပ်မြဲတပ်ရင်းအဆင့် SSangmae စစ်ရေးလေ့ကျင့်မှုများကို စတင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၄ ရက်တွင် ပြောကြားသည်။
Freedom Shield စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နှစ်ဖက်တပ်ဖွဲ့ဝင် အရေအတွက်သည် ယမန်နှစ်ထက် နှစ်ဆပိုများပြီး လေကြောင်းထိုးစစ်ဆင်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင်လက်တွေ့ပူးတွဲ လေ့ကျင့်မှုအစီအစဉ် ၄၈ ခု ပါဝင်ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ပြောကြားသည်။
ယင်းစစ်ရေးလေ့ကျင့်မှုများသည် ခရုစ်ဒုံးကျည်များကို ရှာဖွေထောက်လှမ်းကာတိုက်ခိုက်ချေမှုန်းခြင်း အပါအဝင် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုများကို တန်ပြန်ချေဖျက်ရန် အဓိကရည်ရွယ်ကြောင်း JCS ပြောခွင့်ရ ဗိုလ်မှူးကြီး လီဆောင်ဂျွန်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည်ဟု ယူဆရသည့် ခရုစ်ဒုံးကျည်များကို စမ်းသပ်ခဲ့သည်။
အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့နှင့် တင်းမာမှုများ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေခိုက် မြောက်ကိုရီးယားသည် ၎င်း၏စစ်ရေးစွမ်းရည်ကို တိုးမြှင့်တည်ဆောက်လျက်ရှိသည်။ မြောက်ကိုရီးယားသည် ယခုနှစ်တွင် ရေအောက်နျူကလီးယားလက်နက်စနစ်နှင့် အခဲလောင်စာသုံးဟိုက်ပါဆောနစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားကို ၎င်းတို့၏ အဓိကရန်သူအဖြစ် သတ်မှတ်ပြီး နှစ်နိုင်ငံပေါင်းစည်းရေးသည် ဖြစ်လာနိုင်စရာမရှိတော့ဟု ပြောဆိုထားသည်။
စစ်ရေးလေ့ကျင့်မှုများတွင် အမေရိကန်၏ လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ်ကဲ့သို့ မဟာဗျူဟာ စစ်လက်နက်အသုံးအဆောင်များ ပါဝင်ဖွယ်ရှိကြောင်း ယွန်ဟပ်သတင်းဌာနက ဆိုသည်။ မြောက်ကိုရီးယားသည် ယင်းစစ်ရေးလေ့ကျင့်မှုများကို အကြီးအကျယ် ဒေါသထွက်လေ့ရှိသည်။