ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က လာဇီယိုနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲတွင် မိမိတို့ရည်မှန်းထားသည့် ရလဒ်ရရှိအောင် ပရိသတ်များက ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဘို်င်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်(၁၆)သင်း အဆင့်ပထမအကျော့တွင် လာဇီယိုအသင်းကို အဝေးကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အတွက် အိမ်ကွင်း၌ ပြန်လည် အနိုင်ရရှိရန် လိုအပ်နေသည်။
ယင်းအခြေအနေအတွက် သောမတ်စ်တူဟယ်လ်က ”အခြေအနေဟာ အရမ်းကို ရှင်းလင်းပါတယ်။ ကျွန်တော်တို့ ထိပ်တန်းစွမ်းဆောင်ရည်ရရှိဖို့ ဖိအားလိုအပ်ပါတယ်။ ဖိအားဆိုတာက သာလွန်ထူးခြားတဲ့ စွမ်းဆောင်ရည်ကိုရရှိဖို့ လိုအပ်တဲ့အရာပါ။ ကျွန်တော်တို့ ကောင်းကောင်းဖွဲ့စည်းထားတဲ့ မော်ရီဇီယိုဆာရီရဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ကစားရမယ်ဆိုတာ သိထားပါတယ်။ ပရိသတ်တွေနဲ့ အိမ်ကွင်းရဲ့အငွေ့အသက်က ကျွန်တော်တို့ကို အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ (၂)ဂိုးအနိုင်ရလဒ်ကို ရယူနိုုင်မှာပါ”ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် လေဗာကူဆင်အသင်းနှင့် (၁၀)မှတ်ကွာဟသွားပြီဖြစ်သောကြောင့် ဆုဖလားမျှော်လင့်ချက်မှာ ချန်ပီယံလိဂ်သာ ရှိတော့သည့်အခြေအနေဖြစ်ပြီး နောက်တစ်ဆင့် မတက်နိုင်ခဲ့ပါက တူဟယ်လ်အနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။
ထို့ပြင် အသင်း၏တိုက်စစ်မှူး ဟာရီကိန်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
ဟာရီကိန်းနှင့်ပတ်သက်၍မူ တူဟယ်လ်က ”သူက အပိုတွန်းအားပေးဖို့ မလိုအပ်တဲ့သူပါ။ သူက အသင်းတိုင်း၊ ကစားသမားတိုင်းကို သက်ရောက်မှုရှိစေနိုင်သူပါ။ သူ အသင်းမှာရှိနေတာ ကျေနပ်စရာဖြစ်ပြီး ဒါဟာ နည်းပြတစ်ယောက်အတွက် လက်ဆောင်လည်းဖြစ်ပါတယ်။ မနက်ဖြန်(လာဇီယိုနဲ့ပွဲ) သူ စွမ်းဆောင်ပြပါလိမ့်မယ်။ သူ့ကို ကျွန်တော်တို့ (၁၀၀%) အားကိုး နိုင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။