တောင်ကိုရီးယားနိုင်ငံတွင် ဆေးရုံများ၏ လုပ်ငန်းဆောင်တာများကို ပရမ်းပတာဖြစ်စေခဲ့သည့် ဆရာဝန်များ၏ ဆန္ဒပြမှုကို အဆုံးသတ်စေရန် အစိုးရက ကြိုးပမ်းနေချိန်တွင် ရဲတပ်ဖွဲ့က ကိုရီးယားဆေးဘက်ဆိုင်ရာ အသင်း၏ ရုံးခန်းများကို မတ် ၁ ရက်က ဝင်ရောက်စီးနင်းခဲ့သည်။
အလုပ်သင်ဆရာဝန်စုုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် လူငယ်ဆရာဝန် ၁၀၀၀၀ နီးပါးသည် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်။
တောင်ကိုရီးယား၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို မြှင့်တင်ရန်နှင့် ဆရာဝန်များ မလုံလောက်သည့် အခြေအနေကို ဖြေရှင်းရန် ဆေးကျောင်းတက်သည့် ကျောင်းသားအရေအတွက်ကို တိုးမြှင့်မည့် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် ယင်းကဲ့သို့ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြဆရာဝန်များအနေဖြင့် ဖေဖော်ဝါရီ ၂၉ ရက်ကို နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ရန် သို့မဟုတ်ပါက ဆေးကုသခွင့်လိုင်စင်များကို ဆိုင်းငံံ့မှု၊ ဖမ်းဆီးမှုအပါအဝင် တရားရေးအရ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။
သို့သော် နောက်ဆုံးရက်သတ်မှတ်မှုကို ကျော်လွန်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် ဆရာဝန်အရေအတွက်နှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ တရားဝင် အချက်အလက်များမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ ယွန်ဟပ်သတင်း အေဂျင်စီကမူ ဆန္ဒပြနေသည့် ဆရာဝန်အများစုသည် မတ် ၁ ရက်အထိ အလုပ်မဆင်းသေးကြောင်း ဖော်ပြခဲ့သည်။