Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ၏ အမှုဆောင်အရာရှိချုပ် (စီအီးအို) မာ့ခ်ဇူကာဘက်က ဂျပန်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ နှင့်တွေ့ဆုံကာ AI နည်းပညာ၏ အန္တရာယ် များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဇူကာဘက်သည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက တောင်ကိုရီးယားသို့ သွားရောက်ခဲ့ပြီးနောက် ဂျပန်နှင့် အိန္ဒိယနိုင်ငံများသို့ ဝင်ရောက်မည့် ခရီးစဉ်များအပါအဝင် အသေးစား အာရှခရီးစဉ်ကို စတင်ခဲ့သည်။
အသက် ၃၉ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် ဇူကာဘက်သည် ၎င်း၏ မိသားစုနှင့်အတူ နှင်းလျှောစီးခြင်း၊ ကျွမ်းကျင်ပညာရှင် ပန်းပဲဆရာတစ်ဦးထံမှ ဓားပြုလုပ်သည့် အတတ်ပညာကို လေ့လာခြင်းတို့ အပါအဝင် ဂျပန်တွင် ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။
ဇူကာဘက်သည် ဖေဖော်ဝါရီ ၂၇ ရက်က တောင်ကိုရီးယားမှ ဂျပန်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဝန်ကြီးချုပ် ကီရှီဒါနှင့် တွေ့ဆုံ ကာ AI နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ထိုနည်းပညာနှင့်ဆက်စပ်သည့် အန္တရာယ်များ အပါအဝင် AI နှင့်ပတ်သက်သည့် အကြောင်းအရာ အများအပြားကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်ဟု ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာဟာယာရှီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ AI အပါအဝင် အနာဂတ်နည်းပညာတွေနဲ့ပတ်သက်ပြီး ကောင်းမွန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်” ဟု ဇူကာဘက်က ပြောကြားခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံတွင် နည်းပညာ၏ အကျိုးဖြစ်ထွန်းမှုရှိနေမှုအပေါ် အမှန်တကယ် ကျေနပ်အားရမိသည်ဟုလည်း ဇူကာဘက်က ကီရှီဒါနှင့် မိနစ် ၃၀ ကြာပြုလုပ်ခဲ့သည့် ဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့သည်။
Open AI သုတေသနအဖွဲ့၏ Chat-GPT ဆော့ဖ်ဝဲသည် စာသားများ၊ ရုပ်ပုံများ၊ အသံများကို စက္ကန့်ပိုင်းအတွင်း AI နည်းပညာဖြင့် ရေးဆွဲထုတ်လုပ်နိုင်သည့် ရှေ့ပြေး AI စနစ်တစ်ခုဖြစ်သည်။
ထို AI နည်းပညာ၏ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမှုသည် ဗီဒီယိုဂိမ်းများမှအစ နိုင်ငံရေးလောကအဆုံး နယ်ပယ်အားလုံးတွင် တော်လှန်မှုတစ်ခု ဖြစ်လာနိုင်ခြေရှိသည့် အရိပ်လက္ခဏာများကို မြင်တွေ့နေရသော် လည်း ထိုနည်းပညာ၏ အကျိုးဆက်များသည် ကောင်းကျိုးများနှင့်အတူ ဆိုးကျိုးများလည်း ရှိနေသည်။
အထူးသဖြင့် ဟက်ကာများသည် AI နည်းပညာဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်လာမည့် အန္တရာယ်ကို ကျွမ်းကျင်သူများက စိုးရိမ်ခဲ့ကြခြင်းဖြစ်သည်။
Open AI နှင့် Microsoft ကုမ္ပဏီ၏ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်တွင်လည်း ရုရှား၊ မြောက်ကိုရီးယား၊ အီရန်အစိုးရများ နှင့် ဆက်နွှယ်မှုရှိသည့် ဟက်ကာများသည် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် နည်းလမ်းအသစ်များ ရှာဖွေရန် ChatGPT ဆော့ဖ်ဝဲကို အသုံးပြုလာကြသည်ဟု ဖော်ပြခဲ့သည်။
ထို့ကြောင့် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ပြုလုပ်မည့် အရေးကြီးသည့် ရွေးကောက်ပွဲများမတိုင်မီ မဲဆန္ဒရှင်များကို လှည့်ဖြားရန် AI နှင့်ဖန်တီးထားသည့် အကြောင်းအရာများကို ဖယ်ရှားရန် OpenAI နှင့် Meta အပါအဝင် နည်းပညာကုမ္ပဏီ ၂၀ ခန့်က ယခုလအတွင်း ကတိပြုခဲ့ကြသည်။