မန်ယူအသင်းတွင် အသင်းနည်းပြ တန်ဟက်ဂ်နှင့် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်တို့အကြား ဆက်ဆံရေးပြိုကွဲမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရှိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် (၃၅)ပွဲတွင် (၁၇)ဂိုးသွင်းယူခဲ့သော်လည်း ယခုရာသီ ပရီးမီးယားလိဂ် (၂၅) ပွဲတွင် (၅) ဂိုးသာသွင်းထားပြီး ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည်။
ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် ဇန်နဝါရီ (၂၈) ရက်က နယူးပို့တ်အသင်းကို အနိုင်ရခဲ့သည့် FA ဖလားပွဲမတိုင်မီတွင် နိုက်ကလပ်၌ ညလုံးပေါက်ပျော်ပါးခဲ့မှုကြောင့် အသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့သလို၊ နယူးပို့တ်နှင့်ပွဲကိုပါ လွဲချော်ခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ယင်းအတွက် ပေါင် (၆၅၀၀၀၀) ဒဏ်တပ် ရိုက်ခံခဲ့ရကြောင်း သိရှိရသည်။ The Sun ၏ ဖော်ပြချက်အရ ယင်းပြဿနာဖြစ်ပွားပြီးနောက် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်နှင့် ရပ်ရှ်ဖို့ဒ်တို့အကြား စကားပြောဆိုမှုမှာ မရှိသလောက်ဖြစ်နေပြီး ၎င်းတို့၏ဆက်ဆံရေးပြိုကွဲမည်ကို အသင်းဝန်ထမ်းများအကြား စိတ်ပူမှုများ ရှိနေကြောင်း သိရှိရသည်။
နိုက်ကလပ်တွင် ပျော်ပါးခဲ့သည့် ရပ်ရှ်ဖို့ဒ်၏ လုပ်ရပ်မှာ နည်းပြနှင့် အသင်းဖော်များအပေါ် လေးစားမှုမရှိသည့်လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ခံရခဲ့ပြီး တန်ဟက်ဂ်ကမူ ထိုစဉ်က ရပ်ရှ်ဖို့ဒ်နှင့် ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။