သထုံမြို့နယ် မိုးကောင်းကျေးရွာရှိ မိုးကောင်းဘုရားအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတားမှာ ယနေ့ ( ဖေဖော်ဝါရီ ၂၈) ရက် နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး လတ်တလော ကုန်တင်ယာဉ်ကြီးများသွားလာ၍ မရဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၃ နာရီခွဲခန့်က ပေါက်ကွဲသံ ကြားခဲ့ရကြောင်း နှင့် မနက်မှ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်ကို သိရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး “တံတားတစ်ခုလုံးပျက်စီး သွားတာ။ ကုန်တင်ယာဉ်တွေတော့ သွားလာလို့ မရနိုင်တော့ဘူး။ အိမ်စီးကားတွေကတော့ ရွာလမ်းထဲက ဖြတ်လို့ရသေးတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မိုင်းပေါက်ကွဲမှုကြောင့် တံတားအနီးရှိ နေအိမ်တစ်လုံးနှင့် ဈေးဆိုင်ခန်းများ ပျက်စီးမှုများရှိခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိကြောင်းလည်း ၎င်းဒေသခံကဆိုသည်။
မိုင်းခွဲဖျက်စီး ခံခဲ့ရသည့် တံတားအမှတ် ၄/၁၃၆ မိုးကောင်းတံတားမှာ ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင် အမှတ် (၁၃၅ / ၇ နှင့် ၁၃၆ / ၀ ကြား) တွင်တည်ရှိပြီး ခန့်မှန်း အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေ ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်၊ နံနက်အစောပိုင်းကလည်း ရန်ကုန် – မော်လမြိုင်ကားလမ်း ပေါ်တွင်ရှိသည့် ကျုံအိတ်တံတား မှာလည်း မိုင်းခွဲဖျက်စီး ခံခဲ့ရကြောင်း သိရသည်။