ပဲခူးတိုင်း ဒိုက်ဦးမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့တို့တွင် သုံးနှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်နှစ်ဦး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာအနောက်ပိုင်းနေ ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်သူ သုံးနှစ်အရွယ် ကလေးငယ် မောင်ဇွဲမာန်သစ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီကျော်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
“အိမ်မှာတင်ပျောက်တာပါ။ ခလေးက ထမင်းစားမယ်ဆိုလို့ အမေလုပ်သူက အိမ်ပေါ်တက်ထမင်းခူးပြီး ဟင်းနွာပေးပြီးစားဖို့ လှမ်းခေါ်ချိန် မရှိတော့တာပါဗျာ။ ဘယ်လိုနားလည်ရမလဲ” ဟု ကလေးငယ်၏ဖခင်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါကလေးငယ်အား ဖေဖော်ဝါရီ ၂၆ ရက် နံနက်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။
ကလေးငယ်မှာ စကားပြောနည်းပြီး မိသားစုဓာတ်ပုံတွေ့ရှိပါက မိသားစုဝင်များကို ပြောဆိုတတ်ကြောင်း ကလေးငယ်၏ဖခင်က ရေးသားထားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက်နေ ဦးလှမြိုင်၊ ဒေါ်အိညိုတို့၏ သမီးငယ် အသက်လေးနှစ်အရွယ် မမေဇင်ကျော်မှာ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကလေးငယ်၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ကလေးကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ပို့ပေးလျှင် ဘာအမှုအခင်းမှ မလုပ်ပါဘူး။ ကြောက်လို့ပြန်မပို့ရဲလျှင် နီးစပ်ရာဘုန်းကြီးကျောင်း (သို့) လမ်းတနေရာရာဖြစ်ဖြစ် ပြန်ပေးပို့ပါ။ ပြန်ပို့ပေးသူကို ကျေးဇူးဆပ်ပါမည်။ ကလေးမြို့ အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ ကျွန်မ တူမလေး မမေဇင်ကျော် အသက် ၄ နှစ်ကျော်အရွယ် ပျောက်သွားပါသဖြင့် တွေ့ရှိပါက ဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးကြပါရန်။ အနီရောင်ဝမ်းဆက်လေး ဝတ်ထားပါတယ်” ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။ ကလေးငယ်ကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉၂၅၆၃၀၀၆၅၅၊ ၀၉၉၆၆ ၂၆၂၆၁၄၊ ၀၉၂၅၉၁၀၈၃၆၆၊ ၀၉၄၀၀၅၃၄၀၁၃ များသို့ ဆက်သွယ်နိုင်ကြောင်း ဆက်လက်ရေးသားထားသည်။