ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်အတွက် ဒိုင်များက အကူအညီမပေးရန် မျှော်လင့်ကြောင်း တိုက်တွန်းပြောကြားသည်။
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်အနေဖြင့် ယခုရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်ရာ လိဂ်ဖလားဗိုလ်လုပွဲမှာ ၎င်း၏နှုတ်ဆက်ရာသီအတွက် ပထမဆုံးရယူရန် အခွင့်အရေးရှိနေသည့် ဆုဖလားဖြစ်သည်။
ဇန်နဝါရီလကုန်ပိုင်းက လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအနေဖြင့် ပယ်နယ်တီအခွင့်အရေး နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရသောကြောင့် ပိုချက်တီနိုက ယခုကဲ့သို့ တိုက်တွန်းပြောကြားခြင်းဖြစ်သည်။
ရာသီကုန်တွင် လမ်းခွဲတော့မည့် ယာဂန်ကလော့ပ်အတွက် ၎င်းနှင့် လီဗာပူးလ်အသင်းတွင် ဖိအားပိုရှိနိုင်သလားဟု မေးမြန်းမှုအပေါ် ပိုချက်တီနိုက ”ဒါက ကောင်းမွန်တဲ့မေးခွန်းပါ။ သူ့(ကလော့ပ်)အတွက် ဖိအားမရှိပါဘူး။ သူထွက်ခွာတော့မှာဖြစ်လို့ လီဗာပူးလ်နဲ့အတူ အောင်ပွဲခံချင်သူတွေအတွက်တော့ ဖိအား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့၊ ဆုံးဖြတ်ချက်အားလုံးက တရားမျှတမှုရှိဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ လီဗာပူးလ်ကွင်းမှာ လီဗာပူးလ်နဲ့ကစားတုန်းက ဆုံးဖြတ်ချက်တွေ အရမ်းမှားခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တော့ တစ်ခုမှမရှိပါဘူး။ ကျွန်တော်တို့ ပယ်နယ်တီနှစ်ကြိမ် မရခဲ့ဘူး။ အမြင့်ဘောမှာ ၅၀-၅၀ အနေအထားဆိုရင် အမြဲတမ်း တခြားအသင်းရဲ့အရောင်အတွက်၊ အမြဲတမ်းအနီရောင်အတွက်ပဲ ဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ မျှတတဲ့နည်းလမ်းနဲ့ပဲ ဆက်ဆံခံရချင်တယ်။ ကျွန်တော်တို့က အောင်ပွဲခံဖို့ အဲဒီကိုသွားမှာပါ။ လီဗာပူးလ်က အံ့အားသင့်စရာ ကောင်းတဲ့အသင်းဆိုတာကို ကျွန်တော်က အရင်ဆုံးပြောမယ့်သူပါ။ ကလော့ပ်ကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ပါ။ အဲဒီနေရာ (ဝင်ဘလေကွင်း)မှာ နောက်ဆုံးကစားခဲ့ဖူးတဲ့ အတွေ့အကြုံအရ ကျွန်တော်လိုချင်တာက ဝင်ဘလေကို သွားဖို့ဖြစ်ပြီး ဘယ်သူမှ ဖိအားမခံစားရဘူးလို့ ထင်တယ်။ ဒါက တူညီတဲ့အဆင့်မှာ ကစားရတဲ့ ပွဲစဉ်တစ်ခုပဲဖြစ်ပြီး အကောင်းဆုံးအသင်းက အနိုင်ရပါလိမ့်မယ်။ ခင်ဗျားအပါအဝင် ပတ်ဝန်းကျင်မှာရှိသူတွေပါ ဖိအားတွေခံစားဖို့ မလိုပါဘူး။ ကျွန်တော်ဆိုလိုချင်တာကို ခင်ဗျားနားလည်မှာပါ”ဟု ဖြေကြားသည်။
လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ လီဗာပူးလ်အသင်းတွင် ဒဏ်ရာပြဿနာများရှိနေပြီး ကာတစ်ဂျုံးစ်၊ အာနိုးလ်၊ အယ်လစ်ဆန်နှင့် ဂျိုတာတို့ လွဲချော်မည်ဖြစ်ကြောင်း လက်ထောက်နည်းပြ ပက်လင်ဒါက အတည်ပြုပြောကြားသည်။
ဆာလာ၊ ဒါဝင်နူးညက်ဇ်နှင့် ဆိုဘိုဆလိုင်းတို့၏ အခြေအနေကိုမူ နောက်ဆုံးအချိန်အထိ စောင့်ကြည့်မည်ဖြစ်သည်။