မြန်မာနိုင်ငံသား ခုနစ်ထောင်ကျော် ထိုင်းဗီဇာရရှိရန် လာရောက်လျှောက်ထားခဲ့ပြီး မတ် ၁ ရက်အထိ ကြိုတင်ရက်ချိန်းများ ပြည့်နေကြောင်း ထိုင်းသံရုံးက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းများမှာလည်း မတ် ၁ ရက်အထိ ပြည့်နေပြီး ထပ်တိုးလာရန်ရှိနေကြောင်း ထိုင်းသံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke က ကြာသပတေးနေ့က ပြောကြားသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဗီဇာလျှောက်ထားသူ များပြားလာမှုမှာ လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် စစ်မှုထမ်းဥပဒေနှင့် သက်ဆိုင်ခြင်းရှိမရှိကို မပြောနိုင်ကြောင်း သူမက ဆက်လက်ပြောကြားသည်ဟု သတင်းတွင် ရေးသားထားသည်။
ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အရေးယူမည်ဖြစ်ပြီး တရားဝင်ဝင်ရောက်လာသူများကို ကြို ဆိုနေမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
“သူတို့ဟာ နိုင်ငံကို တရားဝင် ဝင်ရောက်လာမယ်ဆိုရင် သူတို့ကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ တရားမဝင် ဝင်ရောက်လာမယ်ဆိုရင်တော့ သူတို့ကို တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။ အဲဒီကိစ္စကို ကျွန်တော်ဟာ လုံခြုံရေးဌာနတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ဆရတ်သာက ပြောကြားခဲ့သည်။
မြန်မာရွှေ့ပြောင်းများက နယ်ခံထိုင်းနိုင်ငံသားများထံ အလုပ်အကိုင်များကို ရယူသွားလိမ့်မည်ဟူသော ပူပန်မှုများကို ထိုင်းဝန်ကြီးချုပ်က ဖြေဖျောက်ပေးခဲ့ပြီး လတ်တလောတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံသားများသည် မဖြစ်မနေ စစ်မှုထမ်းခြင်းကို ရှောင်ရန်ဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ထိုင်းဗီဇာလျှောက်ထားမှု ပုံစံနှစ်မျိုးဖြင့် လက်ခံဆောင်ရွက်နေပြီး တစ်ရက်လျှင် လူ ၂၀၀ အတွက် တိုကင်များ၊ အွန်လိုင်းဘိုကင်များ ထုတ်ပေးနေသည်။
အွန်လိုင်းစနစ်ဖြင့် ဗီဇာလျှောက်ထား ရန် ရက်ချိန်းရယူရာတွင် https://thaiconsularyangon.com/visa/ သို့မဟုတ် QR ကုတ်သို့ဝင်ရောက်ပြီး ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ အွန်လိုင်းမှတစ်ဆင့်ရယူနိုင်ကြောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းကို တစ်ရက်လျှင် တိုကင် ၂၀၀ နှုန်းဖြင့် ရက် ၃၀ ကြိုတင်ရက်ချိန်းရယူနိုင်ကြောင်း၊ အွန်လိုင်းမှ ဗီဇာရက်ချိန်းရယူထားသူများမှာ အီးမေးလ်နှင့် ဗီဇာရက်ချိန်းရရှိထားသော ပုံ (သို့မဟုတ်) အီးမေးလ်မှတစ်ဆင့်ပေးပို့ထားသော ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်ထားမည့်ရက်တွင် တာဝန်ရှိသူများစစ်ဆေးနိုင်ရန် ယူဆောင်လာရမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။
သံရုံးရှေ့တွင် လူကိုယ်တိုင်ဗီဇာရက်ချိန်းယူရမည့်စနစ်မှာ ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၂ နာရီတွင် ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်များအတွက် တစ်ရက်လျှင် တိုကင် ၂၀၀ နှုန်းဖြင့် ပေးဝေမည်ဖြစ်ကြောင်း၊ လာရောက်တန်းစီမည့်သူများကို တာဝန်ရှိသူများက ပတ်စ်ပို့နှင့် သေချာစစ်ဆေးပြီးမှန်ကန်မှသာ ရေးမှတ်မည်ဖြစ်သဖြင့် ယင်းတိုကင်နံပါတ်ကို အခြားသူသို့ လွှဲပြောင်းပေးနိုင်မည်မဟုတ်ကြောင်း ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်တွင် သံရုံး ရှေ့၌ လူကိုယ်တိုင်ရက်ချိန်းရယူခြင်းပမာဏ ကို ရေတွက်ပြီး လူကိုယ်တိုင်ဗီဇာရယူခြင်းစနစ် နှင့် အွန်လိုင်းမှဗီဇာရက်ချိန်းစနစ် မည်သည့်စနစ်သို့ ပြောင်းလဲသတ်မှတ်နိုင်ခြေရှိမရှိကို ထပ်မံအသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ပြီး ထိုင်းနိုင်ငံသို့သွားရောက်မည့်သူ များပြားလာသဖြင့် ဗီဇာလျှောက်ထားရန် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး ရှေ့တွင် လူများတန်းစီစောင့်ဆိုင်းခဲ့ရသည်။