တရုတ်ကျောင်းသားများကို နိုင်ငံအတွင်းဝင်ရောက်မှုနှင့်ပတ်သက်ပြီး အနှောင့်အယှက်ပေးနေမှုကို ရပ်တန့်ရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်က အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန် ဒရို မာယော်ကက်စ်အား တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
ဝမ်သည် မာယော်ကက်စ်နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသားများသည် တရားဝင်အလည်အပတ် စာရွက်စာတမ်းများနှင့်အတူ အမေရိကန်လေဆိပ်များတွင် တင်းကျပ်စွာစစ်ဆေးခံရခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း တရုတ်က ထပ်တလဲလဲ စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့်လကလည်း ၀ါရှင်တန်ရှိ တရုတ်သံရုံးက တရုတ်ခရီးသွားများကို ၀ါရှင်တန်ရှိ ဒူးလက်စ်လေဆိပ်သို့ လာရောက်ခြင်းအား ရှောင်ရှားသင့်ကြောင်း ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများအတွင်း အမေရိကန်အနေဖြင့် တရုတ်ကျောင်းသားများအား မလိုအပ်သည့် အကြောင်းပြချက်များဖြင့် နှောင့်ယှက်မှု၊ စစ်ဆေးမှုများအား ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။
ထိုအစည်းအဝေးအတွင်း ဝမ်က တရုတ်နိုင်ငံသားများကို ဂုဏ်သိက္ခာရှိရှိနှင့် သာတူညီမျှဆက်ဆံမှုရရှိစေရန် အမေရိကန်အား တိုက်တွန်းခဲ့သည်ဟုလည်း ဆင်ဟွာကဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံအား မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းများရှိသည့် အဓိကနိုင်ငံများစာရင်းတွင် ထည့်သွင်းရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန်လည်း ဝမ်က မာယော်ကက်စ်ကို တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံသည် ဘိန်းဖြူထက်အဆပေါင်းများစွာ ပြင်းထန်သည့် ဖန်တာနိုင်းလ် မူးယစ်ဆေးဝါးများ မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်နေကြောင်း အမေရိကန်အရာရှိများက စွပ်စွဲခဲ့သည်။
ဖန်တာနိုင်းလ်ကြောင့် အမေရိကန်တွင် တစ်နှစ်လျှင် လူ ၇၀၀၀၀ ကျော် ဆေးလွန်ပြီး သေဆုံးခဲ့သည်။
အမေရိကန်နှင့် တရုတ်အရာရှိများသည် ဖန်တာနိုင်းလ်ပြုလုပ်ရန်အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများ ထုတ်လုပ်မှုကိုဟန့်တားရန် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီခဲ့ကြောင်း ပြီးခဲ့သည့်လအတွင်း တရုတ်က ပြောကြားခဲ့သည်။
ဝမ်နှင့် မာယော်ကက်စ်တို့၏ အစည်းအဝေးနှင့်ပတ်သက်ပြီး အမေရိကန်ဘက်က ထုတ်ပြန်ချက်တွင်မူ ၎င်းတို့နှစ်ဦးသည် မူးယစ်းဆေးဝါးများပျံ့နှံ့မှုကို တိုက်ဖျက်ရန်အတွက် လိုအပ်သည့် အစီအစဉ်များနှင့်ပတ် သက်ပြီးထိရောက်ပြီး ခိုင်မာမှုရှိသည့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ သိပ္ပံပညာရှင်များနှင့် ကျွမ်းကျင်သူများအကြား နည်းပညာဆိုင်ရာ ဖလှယ်မှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို အပြန်အလှန်လေးစားမှုဖြင့် ဆက် လက်ဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်ဟုလည်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အမေရိကန်နှင့် တရုတ်သည် ကလေးသူငယ်များအားအွန်လိုင်းမှ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အနိုင်ကျင့်မှုများကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။