ဖိလစ်ပိုင်နိုင်ငံ၏ ကမ်းလွန် ကျောက်တန်းတစ်ခုအနီးတွင် ကိုးရက်ကြာ ကင်းလှည့် မှုများ ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်ကင်းလှည့် သင်္ဘောကို တရုတ်သင်္ဘောများက အန္တရာယ်များသည့် သေနင်္ဂဗျူဟာဖြင့် ချဉ်းကပ်မောင်း နှင်ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်တွင် စွပ်စွဲခဲ့သည်။
ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ် အတွင်းရှိ ငါးများပေါကြွယ်ဝသည့် စကာဘိုရော့ သောင်ခုံတစ်ဝန်း ရေပြင်များအနီးတွင် ကင်းလှည့်ရန်၊ ဖိလစ်ပိုင်ငါးဖမ်းသမားများ၏ ဘေးကင်းလုံခြုံရေးကို စိန်ချသေချာမှုရှိစေ ရန်နှင့် ငါးဖမ်းသမားများကို ရိက္ခာများ ထောက်ပံ့ရန် BRP Teresa Magbanau သင်္ဘောကို ဖေဖော်ဝါရီလ အစောပိုင်းက ဖြန့်ကြက်ချထားခဲ့သည်။
၂၀၁၂ ခုနှစ်က တရုတ်သည် ဖိလစ်ပိုင်ထံမှ ထိုကျောက်တန်းကို သိမ်းယူခဲ့ပြီးကတည်းက ထိုကျောက်တန်းအနီးတစ်ဝိုက်ရှိ ရေပြင်နယ်နိမိတ်များသည် နှစ်နိုင်ငံအကြား ပေါက်ကွဲလုနီးပါး အခြေအနေတစ်ခု ဖြစ်ခဲ့သည်။
ထိုအချိန်ကတည်းက တရုတ်သည် ကင်းလှည့်သင်္ဘောများကို ဖြန့်ကြက်ချထားခဲ့ပြီး တရုတ်၏ ထိုသင်္ဘောများသည် ဖိလစ်ပိုင် သင်္ဘောများကို နှောင့်ယှက်ခြင်း၊ ဖိလစ်ပိုင် သင်္ဘောများကို ငါးများပေါကြွယ်ဝသည့် ရေပြင်များသို့ သွားရောက်မှုကို တားဆီးခြင်းတို့ ပြုလုပ်ခဲ့သည်။
ကင်းလှည့်မှုကာလအတွင်း တရုတ်ကမ်း ခြေစောင့်တပ်ဖွဲ့သင်္ဘောများသည် BRP Teresa Magbanau ကင်းလှည့်သင်္ဘောကို အန္တရာယ်များသည့် သေနင်္ဂဗျူဟာဖြင့် ချဉ်းကပ်မောင်းနှင်ခြင်း၊ လေးကြိမ်တိတိ ပိတ်ဆို့မှုများ ပြုလုပ်ခြင်း၊ သင်္ဘောဦးပိုင်းရှေ့မှ နှစ်ကြိမ်ဖြတ်သန်း မောင်းနှင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောလေးစင်းက နောက်ယောင်ခံလိုက်မှုပေါင်း အကြိမ် ၄၀ ကျော်ပြုလုပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုတရုတ် သင်္ဘောလေးစင်းသည် တရုတ်ပင်လယ်ရေကြောင်း ပြည်သူ့စစ်၏ သင်္ဘောများဖြစ်သည်ဟု ဖိလစ်ပိုင်က ပြောသည်။
မနီလာမြို့တော်ရှိ တရုတ်သံရုံးကမူ ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ပေ။
စကာဘိုရော့ သောင်ခုံသည် ဖိလစ်ပိုင်၏ လူဇွန်ကျွန်း အနောက်ဘက် ၂၄၀ ကီလိုမီတာ (မိုင် ၁၅၀) အကွာတွင်တည်ရှိပြီး တရုတ်၏ ဟိုင်နန်ပြည်နယ်နှင့် ကီလိုမီတာ ၉၀၀ နီးပါးအကွာတွင် တည်ရှိသည်။
ဖိလစ်ပိုင်သည် အမေရိကန်နှင့် သုံးလအတွင်း တတိယအကြိမ် ရေကြောင်းနှင့် လေကြောင်းမှ ပူးတွဲကင်း လှည့်လည်မှုကို ဖိလစ်ပိုင်ကမ်းလွန်တွင် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ် ကမ်းခြေစောင့် သင်္ဘောများက ၎င်း၏ ကင်းလှည့်သင်္ဘောကို နှောင့်ယှက်ခဲ့ကြောင်း စွပ်စွဲချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း၌ တရုတ်က အင်အားပြမှုများ တိုးမြှင့်လာစဉ် အမေရိကန်သည် ၎င်းဒေသရှိ မဟာမိတ်နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန် ကြိုးပမ်းနေစဉ်တောင် တရုတ်ပင်လယ်၌ ဖိလစ်ပိုင်နှင့်အတူ ရေကြောင်းနှင့်လေကြောင်းမှ ပူးတွဲ ကင်းလှည့်လည်မှုများကို လတ်တလော လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သီးခြားစစ်ရေးလေ့ကျင့်မှုအဖြစ် အမေရိကန်နှင့် ဂျပန်ရေတပ်သည်လည်း ယခုလအတွင်း ဖိလစ်ပိုင်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ယင်းသည် တရုတ်၊ မြောက်ကိုရီးယားတို့နှင့် တင်းမာမှုများ မြင့်တက်နေစဉ် အင်အားပြသမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဖိလစ်ပိုင်နှင့် အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် အမေရိကန်က ၎င်း၏မဟာမိတ် ဖိလစ်ပိုင်အပေါ် တရုတ်၏ရန်လိုသော လုပ်ရပ်များကို ရှုတ်ချခဲ့သည်။