စားနပ်ရိက္ခာပြတ်လပ်နေသောကြောင့် ဂါဇာမြောက်ပိုင်းနှင့်အလယ်ပိုင်းတို့ရှိ အနည်းဆုံးပြည်သူ ၃၀၀,၀၀၀ ၏ အသက်များသည် အန္တရာယ်ကြုံနေရသည်ဟု ဖေဖော်ဝါရီ ၈ ရက်တွင် ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအေဂျင်စီ(UNRWA)က သတိပေးခဲ့သည်။
အေဂျင်စီက ဂါဇာကို ရိက္ခာများ နောက်ဆုံးပေးပို့ခဲ့ချိန်သည် လွန်ခဲ့သော သီတင်းနှစ်ပတ်ကျော် ဇန်နဝါရီ ၂၃ ရက်တွင် ဖြစ်သည်ဟု UNRWA အထွေထွေကော်မရှင်နာဖီးလစ်လာဇာရီနီကပြောကြားခဲ့သည်။
လူသားချင်းစာနာမှုအကူအညီများပေးနေသည့် အခြားသော အေဂျင်စီများကလည်း ဂါဇာကို ရိက္ခာများပို့ပေးရန်အတား အဆီးများရှိနေသည်ဟု ဆိုသည်။
“နှစ်စပိုင်းကစလို့ မြောက်ပိုင်းအတွက် ကျွန်တော်တို့ အကူအညီမစ်ရှင်တစ်ဝက်ရဲ့ မေတ္တာရပ်ခံမှုတွေဟာ ငြင်းပယ်ခံရပါတယ်”ဟု လာဇာရီနီက လူမှုမီဒီယာ X တွင်ဖော်ပြခဲ့သည်။
“ပြည်သူတွေ အငတ်ဘေးကျရောက်အံ့ဆဲအနေအထားဖြစ်နေတဲ့ဂါဇာမြောက်ပိုင်းမှာ ငတ်ပြတ်တာ၊ဆာလောင်တာတို့ နက်နက်ရှိုင်းရှိုင်းဖြစ်နေတယ်ဆိုတာကို ကုလသမဂ္ဂကသိနေပါတယ်”ဟု ၎င်းက ဖော်ပြခဲ့သည်။
“မြောက်ပိုင်းမှာနေတဲ့ ဒေသခံပြည်သူ ၃၀၀,၀၀၀ ဟာ အသက်ဆက်ဖို့ ကျွန်တော်တို့ရဲ့ အကူအညီတွေကို မှီခိုနေကြရတာဖြစ်ပါတယ်”ဟု လာဇာရီနီက ဖော်ပြခဲ့သည်။
အစ္စရေးသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူများအားလိုက် လံနှိမ်နင်းနေသောကြောင့် ဂါဇာမြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင်နေထိုင်သော ပြည်သူများတောင်ပိုင်းကိုရွေ့ကြရန် အစ္စရေးက ညွှန်ကြားခဲ့သည်။ အစ္စရေးသည် ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားသည်။
ဂါဇာ၏ခန့်မှန်းခြေပြည်သူ ၂ ဒသမ ၄ သန်းကျော်သည် ယခုအခါ ဂါဇာတောင်ပိုင်းရှိ ရာဖာတွင် ပြည့်ကျပ်နေသည်။ သို့ရာတွင် အများစုသည်အလယ်ပိုင်းရှိ ၀ါဒီဂါဇာနှင့် မြောက်ပိုင်းတို့တွင် နေထိုင်လျက်ရှိသည်။
ဂါဇာကမ်းမြောင်သည် ငတ်မွတ်မှုနှင့် မျှော်လင့်ချက်ပျက်သုဉ်းသည့် မြေရိုင်းအဖြစ် ပြောင်းလဲသွားပြီဟု ဂါဇာရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုအေဂျင်စီ OCHA ၏အကြီးအကဲ ဂျော်ဂျီယိုပတ်ထရိုပူးလော့စ်က ပြော ကြားခဲ့သည်။
အန်ဂျီအိုအဖွဲ့များသည် ပိတ်ဆို့ခံထားကြရသည်။ ဂါဇာကို ဝင်ရောက်သွားသော ကုန်တင်ကားအနည်းငယ်သည် ဂါဇာမြောက်ပိုင်းတွင် အငတ်ဘေးဆိုက်အံ့ဆဲဆဲ ဒေသခံများ၏ အုံနှင့်ကျင်းနှင့်ဝိုင်းထားခြင်းကိုခံနေရသည်ဟု ဖေဖော်ဝါရီ ၇ ရက်တွင် ၎င်းက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“သူတို့ဟာ ပြည်သူထောင်ပေါင်းများစွာအတွက် ကုန်ပစ္စည်းတွေ သယ်လာတဲ့ကုန်တင်ကားတွေနဲ့ အခြားကားတွေကို ၀ိုင်းအုံလာကြပါတယ်။ အဲဒီပစ္စည်းတွေကို မိနစ်ပိုင်းအတွင်း ပေးလိုက်တာဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
စားနပ်ရိက္ခာအကူအညီများပေးနေသောအကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် World Centeral Kitchen ကလည်း ဂါဇာမြောက်ပိုင်းကို တစ်ပတ်လျှင် အကြိမ်ရေအကန့်အသတ်ဖြင့်သာ ဝင်ခွင့်ရသည်ဟု ပြောကြားခဲ့သည်။ ယခုအခါ ၎င်းတို့သည် ကုန်တင်ကားနှစ်စီးဖြင့် ဝင်ရောက်လာခဲ့ပြီး ဆေးရုံများအတွက် အစားအစာများပါသည်ဟုဆိုသည်။