WBC ဟဲဗီးဝိတ်တန်းချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ကစားသမားဘဝမှ အနားယူဖွယ်ရှိသည်ဆိုသော သတင်းများကို ငြင်းဆန်ခဲ့ပြီး အူဆိုက်၊ ဂျိုရှူအာ၊ အန်ဂန်နူတို့နှင့် အနည်းဆုံး (၅)ပွဲ ထိုးသတ်ဦးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
တိုင်ဆန်ဖျူရီသည် WBA(Super)၊ WBO၊ IBF ဟဲဗီးဝိတ်တန်းချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အူဆိုက်နှင့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် စီစဉ်ထားသော်လည်း လေ့ကျင့်မှုတွင် ဒဏ်ရာရရှိခဲ့သောကြောင့် ဖေဖော်ဝါရီ (၁၇) ရက်အစား မေ (၁၈) ရက်သို့ ရွှေ့ဆိုင်းထားရသည်။
၎င်းအနေဖြင့် မူလက ဒီဇင်ဘာ (၂၃) ရက်တွင် အူဆိုက်နှင့်ထိုးသတ်ရန် စီစဉ်ထားသော်လည်း အောက်တိုဘာလအတွင်း UFC ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း အန်ဂန်နူနှင့်ထိုးသတ်စဉ် ဒဏ်ရာရရှိသဖြင့် ဖေဖော်ဝါရီ (၁၇) ရက်သို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုအခါ မေလသို့ ထပ်မံရွှေ့ဆိုင်းရခြင်းဖြစ်သည်။
တိုင်ဆန်ဖျူရီအနေဖြင့် အူဆိုက်နှင့်ထိုးသတ်ရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းနေသောကြောင့် ကစားသမားဘဝမှ အနားယူရန် စဉ်းစားသင့်ကြောင်း ဝေဖန်မှုများထွက်ပေါ်လျက်ရှိရာ ၎င်းက Instagram တွင် ဗီဒီယိုဖိုင်တင်၍ ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
“အနားယူသင့်တယ် ဒါမှမဟုတ် မကြာခင် အနားယူတော့မယ်လို့ လူတွေပြောနေကြတဲ့ စကားတွေကို ကျွန်တော် ကြားရပါတယ်။ ကျွန်တော် အနားယူဦးမှာ မဟုတ်ပါဘူး။ အူဆိုက်နဲ့ အငြင်းပွားဖွယ်မရှိ ခါးပတ်အတွက် နှစ်ပွဲ ထိုးသတ်ရမှာပါ။ အဲဒီပွဲပြီးရင် AJ (အန်သိုနီ ဂျိုရှူအာ) နဲ့ အနည်းဆုံးတစ်ပွဲ ထိုးဖြစ်မှာပါ။ မကျေပွဲထိုးဖြစ်ရင် နှစ်ပွဲဖြစ်နိုင်တယ်။ သူက တစ်ပွဲပဲ ထိုးချင်တယ်ဆိုရင် ပထမပွဲမှာပဲ သူ့ကို ချေမှုန်းလိုက်မှာပါ။ ပြီးသွားရင် အန်ဂန်နူနဲ့ ထပ်ထိုးဦးမှာပါ။ အဲဒါက စလုပ်ဖို့ပဲ လိုပါတယ်။ ခင်ဗျားတို့ရဲ့စိတ်တွေပြေပျောက်ဖို့အတွက် (၅)ပွဲလောက် ထိုးဖို့ရှိပါတယ်။ ကျွန်တော် ဘယ်ကိုမှ မသွားပါဘူး”ဟု တိုင်ဆန်ဖျူရီက ပြောကြားခဲ့သည်။
အူဆိုက်နှင့်ပွဲကို မေ (၁၈) ရက်သို့ ထပ်မံရွှေ့ဆိုင်းခဲ့ရပြီးနောက် ဆော်ဒီနိုင်ငံ၏ အထွေထွေဖျော်ဖြေရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ တာကီအယ်လ်ရှိတ်က ထပ်မံနုတ်ထွက်မည့်ကစားသမားမှာ ပြိုင်ဘက်ကို ဒေါ်လာ (၁၀)သန်း ပေးလျော်ရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အူဆိုက်ဘက်မှ ထိုးသတ်ရန် ကြောက်ရွံ့နေလျှင် ဂျိုရှူအာ-တိုင်ဆန်ဖျူရီပွဲ၊ တိုင်ဆန်ဖျူရီဘက်မှ ထိုးသတ်ရန် ကြောက်ရွံ့နေလျှင် အူဆိုက်ထိုးသတ်လိုသည့် ကစားသမားနှင့် ပွဲစီစဉ်ပေးမည်ဟုလည်း ၎င်းက ဆိုခဲ့သည်။
၁၉၉၉ ခုနှစ်တွင် လင်းနော့လူးဝစ်က အီဗန်ဒါဟိုလီဖီးလ်ကို အနိုင်ရပြီးနောက်ပိုင်း ဟဲဗီးဝိတ်တန်းတွင် အငြင်းပွားဖွယ်မရှိ ချန်ပီယံခါးပတ်ပေါင်းစည်းပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခုပွဲတွင် အနိုင်ရသူမှာ ပထမဆုံးခါးပတ် (၄)ခု ချန်ပီယံအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။