ထိုင်းနိုင်ငံတွင် အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တော်ဝင်အသရေဖျက်မှုဥပဒေဖြင့် တရားစွဲဆိုရန် အစိုးရရှေ့နေချုပ်က စဉ်စားနေသည်ဟု အရာရှိတစ်ဦးက ဖေ ဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းအစိုးရရှေ့နေချုပ်သည် လာမည့်သီတင်းပတ် အနည်းငယ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာဖွယ်ရှိသည့် သက်ဆင်ကို တော်ဝင်မိသားစုအား ဝေဖန်စော်ကားမှုဖြင့် တရားစွဲဆိုရန် စဉ်းစားနေသည်ဟု ဆိုသည်။
သက်ဆင်သည် ၎င်း၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်၏ အစိုးရအဖွဲ့ကို စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ပြီး တောင်ကိုရီးယားတွင် ၂၀၁၅ ခုနှစ်ကပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြော ကြားခဲ့သည့် မှတ်ချက်များနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်က တိုင်ကြားလွှာတင်ခဲ့ခြင်းဖြစ်သည်။သက်ဆင်ကမူ သူသည် ဘုရင်စနစ်အပေါ် သစ္စာခံကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။
ဘုရင်သည် ရိုသေလေးမြတ်ထိုက်သော ကြည်ညိုခံပုဂ္ဂိုလ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုအား ဝေဖန်တိုက်ခိုက်မှုသည် ကြီးလေးသည့် ပြစ်မှုဖြစ်သည်။
ထို့ပြင် ထိုင်းဘုရင်မိသားစုအား အကာအကွယ်ပေးထားသည့် တော်ဝင်အသရေဖျက်မှုဥပဒေသည် ကမ္ဘာ့ အတင်းကျပ်ဆုံး ဥပဒေများထဲတွင် ပါဝင်ပြီး ပြစ်မှုတစ်ခုချင်းစီအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည်။
၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ကာ အာဏာအလွဲသုံးမှုဖြင့် ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံထားရသည့် ပြစ်ဒဏ်ကို ကျခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိုင်းဘုရင်က ထောင်ဒဏ်ကို တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။
ထို့ပြင် သက်ဆင်သည် အကျဉ်းထောင်ထဲတွင် တစ်ညပင်မနေခဲ့ရဘဲ ကျန်းမာရေး ပြဿနာများကြောင့် ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခံခဲ့ရပြီး ယခုလကုန်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားခွင့် ရရှိခဲ့သည်။
အစိုးရရှေ့နေချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ်ပက်ချ်ခွန်ကမူ သက်ဆင်သည် ပြည်ပတွင်ရှိနေခဲ့သဖြင့် တော်ဝင်မိသားစုအား ဝေဖန်စော်ကားသည့် တိုင်ကြားချက်ကို တရားရေးအရ ဆက်လက်လုပ်ဆောင်ရန် ခုနစ်နှစ်ကြာ နှောင့်နှေးကြန့်ကြာခဲ့ရသည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုတိုင်ကြားချက်နှင့်ပတ်သက်ပြီး အသက် ၇၄ နှစ်အရွယ် သက်ဆင်အား တရားရေးအရ စွဲချက်တင်မည် ဟုတ်၊ မဟုတ်ကို မည်သည့်အချိန်တွင် ဆုံးဖြတ်သွားမည်ဆိုခြင်းကိုမူ ပရာယွတ်က ပြောကြားခဲ့ခြင်းမရှိပေ။
သက်ဆင်သည် ပြန်လည်လွတ်မြောက်လာခဲ့ပါက ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရမည်ဖြစ်ပြီး ၎င်းအား စွဲချက်တင်မည်ဟုတ်၊ မဟုတ်ကို အစိုးရရှေ့နေချုပ်က စဉ်းစားနေချိန်တွင် ယာယီပြန်လည်လွတ်မြောက်လိမ့် မည်ဟု ၎င်းက ဆိုသည်။
အသက် ၇၄ နှစ်အရွယ် သက်ဆင်ကမူ သူသည် အမှားအယွင်းကျူးလွန်ထားခြင်းမရှိကြောင်း ငြင်းဆိုထားပြီး တရားမျှတမှုကို တောင်းဆိုထားသည့် စာတစ်စောင်ကို အာဏာပိုင်များအား ပေးပို့ခဲ့သည်။