အသက်(၃၅)နှစ်အထက် ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့်ဇွန်လအတွင်း အင်္ဂလန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိဖူးသည့် နိုုင်ငံ(၈)နိုင်ငံမှ အသက်(၃၅)နှစ်အထက် အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး နာမည်ကျော်ကစားသမားဟောင်းများစွာ ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိဖူးသည့် အသင်း(၈)သင်းမှာ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဥရုဂွေး၊ အင်္ဂလန်နှင့် စပိန်တို့ဖြစ်ပြီး အဆိုပါအသင်းများမှ ဂန္ထဝင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
လက်ရှိ စီစဉ်ထားမှုအရ (၃၅)နှစ်အထက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အသက်(၃၅)နှစ်အထက် ကစားသမားများသာမက အဆိုပါအသင်းများအတွက် ပွဲ(၁၀၀)အထက် ကစားပေးထားသည့် ကစားသမားများလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ၏ ကွင်းများတွင် ကျင်းပသွားရန် စီစဉ်ထားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ယူရို -၂၀၂၄ ပြိုင်ပွဲမစတင်မီကာလတွင် ကျင်းပပြုလုပ်ရန် လျာထားကြောင်းလည်း သိရသည်။
ထို့ပြင် သက်ကြီးကစားသမားများ ယှဉ်ပြိုင်မည့်ပြိုင်ပွဲ ဖြစ်သောကြောင့် မိနစ်(၇၀)သာ သတ်မှတ်ဖွယ်ရှိပြီး လူစားလဲမှုကို အကန့်အသတ်မရှိ ခွင့်ပြုဖွယ်ရှိကြောင်းလည်း သိရသည်။