လက်သုတ်ပဝါတွင် ရေးသားထားသည့် မက်ဆီနှင့် ဘာစီလိုနာအသင်း၏ ပထမဆုံးစာချုပ်ကို ကြမ်းခင်းစျေး ပေါင် (၃)သိန်းဖြင့် မတ်လအတွင်း လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ယင်းစာချုပ်မှာ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ (၁၄)ရက်တွင် ဘာစီလိုနာမြို့၌ ဘာစီလိုနာအသင်း ဒါရိုက်တာ ကားလ်ရီဆက်ချ်၊ အပြောင်းအရွှေ့ဆိုင်ရာအကြံပေးသူ ဂျိုးဆက်မင်ဂယ်လာ၊ မက်ဆီ၏အေးဂျင့်ဖြစ်သူ ဟိုရာစီယိုဂက်ဂျီယိုလီတို့ လက်သုတ်ပဝါတွင် ရေးသား၍ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
The Athletic အားကစားဝက်ဘ်ဆိုက်၏ ဖော်ပြမှုအရ မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် နှစ်ပတ်ကြာပြုလုပ်ခဲ့သည့် စမ်းသပ်စစ်ဆေးမှုအရ စွမ်းဆောင်ရည်ကောင်း ပြသနိုင်သော်လည်း စာချုပ်ချုပ်ဆိုရန် တုံ့ဆိုင်းနေစဉ် အေးဂျင့်ဖြစ်သူ ဂက်ဂျီယိုလီက ရီးယဲလ်အသင်းထံမှ စိတ်ဝင်စားမှုရရှိထားကြောင်း အသိပေးခဲ့ပြီးနောက် ရီဆက်ချ်က လက်သုတ်ပဝါပေါ်မှာပင်ရေးသား၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သမိုင်းဝင်စာချုပ်ကို လန်ဒန်မြို့၌ မတ် (၁၈)ရက်မှ (၂၇)ရက်အတွင်းပြုလုပ်မည့် လေလံအခမ်းအနားတွင် ရောင်းချမည်ဖြစ်ပြီး ကြမ်းခင်းစျေး ပေါင် (၃) သိန်း (ဒေါ်လာ ၃၈၁၀၀၀) သတ်မှတ်ထားသည်။
“ဒါက ကျွန်တော် ကိုင်တွယ်ဖူးသမျှ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပစ္စည်းတွေထဲက တစ်ခုပါ။ ဟုတ်ပါတယ်။ ဒါက စက္ကူလက်သုတ်ပဝါတစ်ခုပါပဲ။ ဒါပေမဲ့ ဒါက လီယွန်နယ်မက်ဆီရဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ နာမည်ကျော် လက်သုတ်ပဝါပါ။ ဒါက မက်ဆီရဲ့ဘဝ၊ ဘာစီလိုနာအသင်းရဲ့ အနာဂတ်ကို ပြောင်းလဲခဲ့ပြီး ဘောလုံးလောကရဲ့ အခမ်းနားဆုံးအခိုက်အတန့်တချို့ကို ကမ္ဘာ တစ်ဝန်းရှိ သန်းပေါင်းများစွာသော ပရိသတ်တွေဆီ ပို့ဆောင်ပေးရာမှာ အရေးပါအရာရောက်ခဲ့ပါတယ်”ဟု Bonhams လေလံပွဲ၏ စာအုပ်နှင့် စာမူများဦးစီးသူ အီယန်အာလင်းက ပြောကြားခဲ့သည်။
မက်ဆီသည် ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသက် (၁၆)နှစ် အရွယ်တွင် စီနီယာအသင်းအတွက် စတင်ကစားခွင့်ရခဲ့သည်။
မက်ဆီသည် ဘာစီလိုနာအသင်းတွင် ၂၀၀၄- ၂၀၀၅ မှ ၂၀၂၀-၂၀၂၁ အထိ (၁၇) ရာသီကြာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၇၇၈)ပွဲကစား၊ (၆၇၂)ဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးနှင့် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသည်။
၎င်းသည် ဘာစီ လိုနာအသင်းနှင့်အတူ လာလီဂါချန်ပီယံ (၁၀) ကြိမ်၊ စပိန်ဘုရင့်ဖလား ခုနစ်ကြိမ်၊ စပိန်စူပါဖလား ခုနစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား လေးကြိမ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား သုံးကြိမ်စီ ဆွတ်ခူးရယူနိုင်ခဲ့သည်။
မက်ဆီသည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် PSG အသင်း၌ နှစ်ရာသီကစားခဲ့ပြီး ယင်းမှတစ်ဆင့် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားလျက်ရှိသည်။