ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက လူမျိုးရေးခွဲခြားမှုပြုလုပ်သည့် ပရိသတ်များ၏အသင်းအား အရှုံးပေးစေသည့်ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားသည့် အူဒီးနီးစ် (၂-၃) အေစီမီလန် စီးရီးအေပွဲစဉ်တွင် အေစီမီလန်အသင်း၏ ပြင်သစ်ဂိုးသမား မိုက်မီနွန်နှင့် ရှက်ဖီးဝင်းစ်ဒေး (၁-၂) ကိုဗင်ထရီ ချန်ပီယံရှစ်ပွဲစဉ်တွင် ကိုဗင်ထရီအသင်း၏ ဂျမေကာကွင်းလယ်လူ ကာဆေးပါလ်မာတို့ လူမျိုးရေးခွဲခြားခံခဲ့ရသည်။
လူမျိုးရေးခွဲခြားခံရသည့် မီနွန်အပါအဝင် အေစီမီလန်အသင်းကစားသမားများက ကွင်းအတွင်းမှထွက်ခွာသွားသဖြင့် ပွဲအား ၁၀ မိနစ်ဝန်းကျင် ရပ်နားထားပြီးမှ ပြန်လည်စတင်နိုင်ခဲ့သည်။ ချန်ပီယံရှစ်ပွဲစဉ်တွင်လည်း ပွဲတာဝန်ရှိသူများနှင့် နှစ်ဖက်အသင်းနည်းပြများ ညှိနှိုင်းဆွေးနွေးနေစဉ် မိနစ်အနည်းငယ်ကြာ ပွဲရပ်ထားခဲ့ရသည်။
သို့ဖြစ်ရာ ယင်းဖြစ်ရပ်နှစ်ခုနှင့်ပတ်သက်၍ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက “လူမျိုးရေးခွဲခြားမှုလုပ်တဲ့ ပရိသတ်တွေရဲ့အသင်းကို အလိုအလျောက်အရှုံးပေးရတဲ့ပြစ်ဒဏ်ချမှတ်ဖို့ ကျွန်တော်တို့ အကောင်အထည်ဖော်ဆောင်ရွက်ရမှာပါ။ လူမျိုးရေးခွဲခြားသူတွေကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ကမ္ဘာတစ်ဝန်းက အားကစားကွင်းတွေမှာကြည့်ရှုခွင့်ပါ ပိတ်ပင်ရမှာပါ။ စနေနေ့က အူဒီနေနဲ့ ရှက်ဖီးလ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက လုံးဝရွံရှာဖွယ်ဖြစ်သလို လက်ခံနိုင်စရာလည်း လုံးဝမရှိပါဘူး။ ထိခိုက်ခံစားခဲ့ရတဲ့ ကစားသမားတွေအနေနဲ့ ကျွန်တော့်ရဲ့ထောက်ခံမှုအပြည့်အဝရရှိမှာပါ။ FIFA နဲ့ ဘောလုံးလောကဟာ ခွဲခြားဆက်ဆံမှုအားလုံးနဲ့ လူမျိုးရေးခွဲခြားခံရသူ သားကောင်တွေဘက်က ရပ်တည်တဲ့အကြောင်း စည်းလုံးညီညွတ်မှုကို ပြသရပါမယ်။ အားလုံးကို ထပ်ပြီးပြောချင်တာက လူမျိုးရေးခွဲခြားမှုအတွက်၊ ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးမဆိုအတွက် နေရာမရှိဘူးဆိုတာပါပဲ။ အဲဒီအရာက ဘောလုံး ဒါမှမဟုတ် လူအဖွဲ့အစည်းရဲ့ အစိတ်အပိုင်း မဟုတ်ကြောင်း အနာဂတ်မျိုးဆက်သစ်တွေ နားလည်စေဖို့အတွက် စာသင်ကျောင်းတွေရဲ့ ပညာရေးကစပြီး လုပ်ဆောင်ကြဖို့ သက်ဆိုင်သူ အားလုံး အရေးတယူဆောင်ရွက်ရမှာပါ” ဟု လူမှုမီဒီယာ X မှတစ်ဆင့် ပြောကြားခဲ့သည်။
အူဒီနေမြို့တော်ဝန် အယ်လ်ဘတ်တိုဒီတိုနီကလည်း အူဒီးနီးစ်အသင်းပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုခံခဲ့ရသည့် အေစီမီလန်အသင်းဂိုးသမား မီနွန်ကို ဂုဏ်ထူးဆောင်မြို့တော်သားအဖြစ် သတ်မှတ်ပေးရန် မြို့တော်ကောင်စီထံ အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။