ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်၏ မိုးပျံပူဖောင်း ခြောက်လုံးကို စံချိန်တင်တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် မိုးပျံပူဖောင်းတစ်လုံးသည် ထိုင်ဝမ်ကျွန်းတည့်တည့်ပေါ်မှ ဖြတ်သန်းခဲ့ကာ တရုတ်စစ်လေယာဉ်များနှင့် ရေ တပ်သင်္ဘောများကိုလည်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
မိုးပျံပူဖောင်း ငါးလုံးကို ထိုင်ဝမ်မြောက်ပိုင်း ပင်လယ်ကမ်းခြေမြို့ဖြစ်သည့် ကျီလုံမြို့အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိုးပျံပူဖောင်းတစ်လုံးမှာမူ ထိုင်ဝမ်တောင်ပိုင်း ဖျင်တုံဒေသအနီးမှ ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့်မြေပုံတွင် ဖော်ပြထားသည်။
ထိုင်ဝမ်အနီးတွင် တရုတ်၏စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်ထုတ်ပြန်လေ့ရှိသည့် ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန၏အဆိုအရ ဇန်နဝါရီ ၂၁ ရက်က ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၅,၀၀၀ မှ ၁၇,၀၀၀ အတွင်း၌ မိုးပျံပူဖောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ထိုင်ဝမ်အနီး၌ တရုတ်၏ မိုးပျံပူဖောင်းများတွေ့ရှိရမှုကို ပုံမှန်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အရေအတွက်အများဆုံး တွေ့ရှိရခြင်းဖြစ်သည်။
ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးအရ တိုးမြှင့်ဖိအားပေးလာခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ နေ့စဉ်နီးပါးစေလွှတ်လျက်ရှိသည်။
ယမန်နှစ် ဖေဖော်ဝါရီလက ထိုင်ဝမ်စစ်တပ်သည် ထိုင်ဝမ်လေပိုင်နက်အတွင်း လွင့်မျောနေသည့် မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရှိပြီးနောက် လေကြောင်းအာဏာပိုင်အဖွဲ့အား သတိပေးတပ်လှန်ခဲ့သော်လည်း အဆိုပါမိုးပျံပူဖောင်း မည်သည့်အရပ်မှ ရောက်လာသည်ကို အတည်ပြုပြောဆိုခဲ့ခြင်း မရှိသကဲ့သို့ နေ ရာအတိအကျကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
တရုတ်က ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားသော အာဏာရ ဒီမိုကရက်တစ် တိုးတက်ပြောင်းလဲရေးပါတီ(DPP) သမ္မတလောင်း လိုင်ချင်းတယ် အနိုင်ရခဲ့သည့် ဇန်နဝါရီ ၁၃ ရက် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲအပြီးတွင် တရုတ်၏ မိုးပျံပူဖောင်းများကို စံချိန်တင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လိုင် အနိုင်ရခဲ့မည်ဆိုလျှင် ထိုင်ဝမ်အားစစ်ပွဲနှင့် ဆုတ်ယုတ်ကျဆင်းခြင်းဆီသို့ ဦးတည်စေလိမ့်မည်ဟု ရွေးကောက်ပွဲမတိုင်မီတွင် တရုတ်က သတိပေးခဲ့သည်။
ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက် နံနက်အစောပိုင်းတို့တွင် ထိုင်ဝမ်အနီး၌ တရုတ်စစ်လေယာဉ်လေးစင်းနှင့် ရေတပ်သင်္ဘောလေးစင်းကို တွေ့ရှိခဲ့ကြောင်းနှင့် ထိုင်ဝမ်ကတိုက်လေယာဉ်များ၊ ရေတပ်သင်္ဘောများ၊ မြေပြင် အခြေစိုက်ဒုံးကျည်စနစ်များဖြင့် အခြေအနေကို စောင့်ကြည့်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်ရွေးကောက်ပွဲနောက်ပိုင်း တရုတ်၏ အကြီးမားဆုံး အင်အားပြမှုအဖြစ် ဇန်နဝါရီ ၁၈ ရက်က တရုတ်စစ်လေယာဉ် ၂၄ စင်းကို ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။