အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ဂမ်ဘီယာအသင်းလိုက်ပါလာသည့် လေယာဉ်ပေါ်တွင် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် နောက်ကြောင်းပြန်လှည့်၍ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
ဂမ်ဘီယာအသင်းသည် အာဖရိကနိုင်ငံ များဖလားပြိုင်ပွဲကျင်းပမည့် အိုင်ဗရီကို့စ်နိုင်ငံသို့ လူ ၅၀ သာဆံ့သည့် Air Cotre d’Ivoire လေကြောင်းလိုင်း၏ လေယာဉ်ငယ်ဖြင့် သွားရောက်ခဲ့ရပြီး ယင်းခရီးစဉ်မှာ ဂမ်ဘီယာဘောလုံးအဖွဲ့ချုပ်၏ စီစဉ်မှုဖြင့် သွားရောက်ခြင်းဖြစ်သည်။
လေယာဉ်စတင်ပျံသန်းပြီးနောက် မကြာခင်မှာပင် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လိုက်ပါလာသူအများစု အိပ်ပျော်သွားကြပြီး အချို့မှာ သတိလစ်သွားသဖြင့် လေယာဉ်မှူးက ဂမ်ဘီယာနိုင်ငံ၏မြို့တော် ဘန်ဂျူလ်သို့ ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လေယာဉ်ပေါ်မှာ တကယ် သေသွားလိမ့်မယ်။ လေယာဉ်ထဲမှာ အောက်ဆီဂျင်မရှိဘဲ အားလုံးက အိပ်ပျော်သွားပြီး တချို့လည်း သတိလစ်သွားကြတယ်။ ကိုးမိနစ်လောက်ကြာတော့ လေယာဉ်မှူးက ကျွန်တော်တို့ရဲ့အသက်ကိုကယ်ဖို့အတွက် ပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အောက်ဆီဂျင်မျက်နှာဖုံးတွေလည်း အောက်ကိုကျမလာပါဘူး။ ကျွန်တော်က ဂမ်ဘီယာအတွက် အသက်ပေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ဘောလုံးကွင်းထဲမှာဖြစ်ပြီး အခုလိုမျိုးတော့ မဟုတ်ပါဘူး။ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ကျွန်တော့်ဆီမှာ အိပ်မက်တိုလေးတွေရှိပါတယ်။ သေပြီလို့ထင်ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်” ဟု ဂမ်ဘီယာအသင်းနည်းပြဖြစ်သူ ဘယ်လ်ဂျီယံနိုင်ငံသား တွမ်စိန့်ဖစ်က ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်မှာ ခရီးသည်များလိုက်ပါလာသည့် လေယာဉ်ခန်းအတွင်း ဖိအားနှင့် အောက်ဆီဂျင်လျော့ကျမှုကြောင့်ဖြစ်ပြီး လေကြောင်းလိုင်း၏ နည်းစနစ်ပိုင်းအဖွဲ့အနေဖြင့် အကြောင်းရင်းကိုဖော်ထုတ်ရန် ထပ်မံလေ့လာသုံးသပ်မှုပြုလုပ်နေကြောင်း ဂမ်ဘီယာ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ သို့ သော် လေကြောင်းလိုင်းကုမ္ပဏီနှင့် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသေးကြောင်း သိရသည်။
ဂမ်ဘီယာဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကီလိုမီတာ ၂၁၀၀ ကွာဝေးသည့် အဆိုပါ ခရီးစဉ်အတွက် ပြဿနာဖြစ်ပွားခဲ့သည့် လေယာဉ်ဖြင့် နောက်တစ်ရက်တွင် ပြန်လည်သွားရောက်ရန် စီစဉ်ခဲ့သောကြောင့် ငြင်းဆန်ခဲ့ကြောင်း နည်းပြဖြစ်သူ တွမ်စိန့်ဖစ်က ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၃ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကို အိုင်ဗရီကို့စ်နိုင်ငံ၌ မနေ့ကစတင်ကျင်းပခဲ့ပြီး ဂမ်ဘီယာအသင်းမှာ အုပ်စု (C) တွင် လက်ရှိချန်ပီယံ ဆီနီဂေါ၊ နာမည်ကြီး ကင်မရွန်း၊ ဂီနီအသင်းတို့နှင့် ကျရောက်နေကာ ဇန်နဝါရီ ၁၅ ရက်တွင် အုပ်စုအဖွင့်ပွဲ ကစားရမည်ဖြစ်သည်။