လာမည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို ပြင်ပမှ ကြားဝင်စွက်ဖက်မှုမှန်သမျှအား ဆန့်ကျင်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ယင်းသည် တရုတ်ကို ထင်ထင်ရှားရှား ရည်ညွှန်းပြောဆိုမှုလည်းဖြစ်သည်။ ယမန်နှစ် နိုဝင်ဘာလက ကယ်လီဖိုးနီးယားပြည်နယ်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံစဉ်က နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး အတိမ်းအစောင်းမခံသည့် အချိန်တွင် ထိုင်ဝမ်၌ ရွေးကောက်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ထိုင်ဝမ်တွင် ဇန်နဝါရီ ၁၃ ရက်၌ အရေးပါသော ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ တရုတ်နှင့် အမေရိကန်ကလည်း ၎င်းရွေးကောက်ပွဲကို စောင့်ကြည့်လျက်ရှိသည်။ နောက်တက်လာမည့် ထိုင်ဝမ်သမ္မတသည် ရန်လိုမှုမြင့်တက်လာသော တရုတ်နှင့် ထိုင်ဝမ်၏ အနာဂတ် ဆက်ဆံရေးကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
ထိုင်ဝမ်ရွေးကောက်ပွဲများတွင် အမေရိကန်အနေဖြင့် မည်သည့်ဘက်ကမှ ရပ်တည်မည် မဟုတ်သကဲ့သို့ မိမိတို့အလိုလားဆုံး ကိုယ်စားလှယ်လောင်းဟူ၍လည်း မရှိကြောင်း အမည်မဖော်လိုသည့် အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ထိုင်ဝမ်ရွေးကောက်ပွဲတွေမှာ ပြင်ပက ဘယ်လိုကြားဝင်စွက်ဖက်မှုကိုမဆို မိမိတို့အနေနဲ့ ဆန့်ကျင်ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူပဲအနိုင်ရသည်ဖြစ်စေ ထိုင်ဝမ်အပေါ် မိမိတို့ရဲ့မူဝါဒဟာ တစ်သမတ်တည်းရှိ နေမှာဖြစ်ပြီး မိမိတို့ရဲ့ ခိုင်မာတဲ့ အလွတ်သဘော ဆက်ဆံရေးဟာ ဆက်လက်တည်တံ့နေမှာဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့ သည်။
အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းမရှိသော်လည်း နိုင်ငံတကာမျက်နှာစာတွင် အမေရိကန်သည် ထိုင်ဝမ်ကို ကျောထောက် နောက်ခံပေးနေသည့် အရေးအပါဆုံး နိုင်ငံဖြစ်သည်။
“အဲဒီရွေးကောက်ပွဲဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဒီမိုကရေစီ လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်။ တရုတ်အနေနဲ့ စစ်ရေးအရ ဖိအားပေးတာ၊ နိုင်ထက်စီးနင်းပြုမူတာတွေ ထပ်မံလုပ်ဆောင်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်မယ်ဆိုရင် ပြဿနာဖန်တီးသူ ဖြစ်လာပါလိမ့် မယ်”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားလာလျှင် ကမ္ဘာ့စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံး၏ စီးပွားရေးကိုပါ ရိုက်ခတ်လာမည်ဟု ၎င်းက သတိပေးခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေးဆိုးရွားစွာ ထိခိုက်ခြင်းမရှိအောင် ရှောင်လွှဲနိုင်ရန်အတွက် အမေရိကန်အနေဖြင့် ထိုင်ဝမ်ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်နေခြင်းကို ရှောင်ကြဉ်ရန် ဇန်နဝါရီ ၁၁ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက တိုက်တွန်းခဲ့သည်။ ထိုင်ဝမ်နှင့် အမေရိကန် တာဝန်ရှိသူများ အပြန်အလှန် သွားရောက်မှုများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းလည်း တရုတ်ကဆိုသည်။