အစ္စရေးသည် ၎င်း၏အိမ်နီးချင်းများနှင့် ဆက်ဆံရေးများ ပုံမှန်လုပ်ဆောင်ရန် ခက်ခဲသောရွေးချယ်မှုများ လုပ်ဆောင်ရေးအတွက် ဇန်နဝါရီ ၉ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်က တိုက်တွန်းလိုက်ပြီး ပါလက်စတိုင်း နိုင်ငံထူထောင်ရန် လမ်းကြောင်းချောမွေ့စေရေးအတွက် မေတ္တာရပ်ခံမှုအသစ်ကို လုပ်ဆောင်လိုက်သည်။
အစ္စရေးသည် အစ္စရေးပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လိုသော ပါလက်စတိုင်းခေါင်းဆောင်များကို ထောက်ခံရန်လည်း ဘလင်ကင်က တိုက်တွန်းလိုက်ပြီး ဂါဇာကမ်းမြောင်၌ ဟားမာ့စ်နှင့်ဖြစ်ပွားနေသော အစ္စရေးစစ်ပွဲတွင် နေ့စဉ်သေဆုံးသူအရေအတွက်သည် များလွန်းနေသည်ဟု ဆိုသည်။ ဘလင်ကင်သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းကို စတုတ္ထ အကြိမ်မြောက် ရောက်ရှိနေခြင်းဖြစ်သည်။
ဟားမာ့စ်ခြိမ်းခြောက်မှုကို ချေမှုန်းရေးဆိုသည့် ရည်မှန်းချက်ပေါက်မြောက်ရေးသည် အစ္စရေးအတွက်အရေးကြီးသည်ဟု တဲလ်အဗစ်ဆွေးနွေးပွဲအပြီးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အနာဂတ် ဂါဇာအစိုးရအဖွဲ့နှင့် အရှေ့အလယ်ပိုင်း၌ ဂါဇာအစိုးရအဖွဲ့ပေါင်းစည်းရေးတို့အတွက် အစီအမံများကို အစ္စရေး၏ အာရပ်အိမ်နီးချင်းများနှင့် ဆွေးနွေးသည့် ခရီးစဉ်အပြီးတွင် ဘလင်ကင်သည် အစ္စရေးကို ရောက်ရှိလာကာ အစ္စရေးခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။
တိုက်ခိုက်မှုများ လျှော့ချရန် ဘလင်ကင်က ပြောကြားထားသည့်တိုင် ဂါဇာတောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ထို့အပြင် အစ္စရေးတပ်ဖွဲ့များနှင့် ဟစ်ဇဘိုလာစစ်သွေး ကြွများသည် လက်ဘနွန်-အစ္စရေးနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်လျက်ရှိသည်။
လူဦးရေ သိပ်သည်းသော ဂါဇာကမ်းမြောင်ကို အစ္စရေးထိုးစစ်ဆင်နေခြင်းကြောင့် ပါလက်စတိုင်းအရပ်သား သေဆုံးသူအရေအတွက် များပြားလွန်းလာခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာစိုးရိမ်ပူပန်မှု မြင့်တက်လျက် ရှိသည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၃,၂၁၀ သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ ထို့အပြင် ဂါဇာပြည်သူ ၂ ဒသမ ၃ သန်း၏ အများစုသည် စစ်ဘေးရှောင်နေရခြင်းကြောင့် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ် အတည်းကို ဖန်တီးနေသည်ဟု ဆိုသည်။
ယင်းသို့သောအနေအထားတွင် ထိုးစစ်အင်အားလျှော့ချရန် အစ္စရေးကို အမေရိကန်ပြည်ထောင်စုနှင့်အာရပ် ခေါင်းဆောင်များ၏ ဖိအားပေးမှုများ တိုးလာနေသည်။
တဲလ်အဗစ်မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ရာ၌ ဘလင်ကင်က ဂါဇာအရပ်သားများကို နောက်ထပ်ထိခိုက်မှုများ မရှိအောင်ရှောင်ရှားရေးနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို အကာအကွယ်ပေးရေးတို့ အရေးပါကြောင်းပြောကြားခဲ့့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အရပ်သားများကို ပိုမိုအကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေသူများထံရောက်ရှိရေးအတွက် မဖြစ်မနေလုပ်ဆောင်ရန် နေတန်ယာဟု၏ အစိုးရအဖွဲ့ကို ဖိအားပေးသွားမည်ဟု ဘလင်ကင်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
အစ္စရေးဘက်က ထုတ်ပြန်ချက်အရ လူ ၁,၂၀၀ သေဆုံးခဲ့သည့် အောက်တိုဘာ ၇ ရက် ဟားမာ့စ်တိုက်ခိုက်မှုမျိုး ထပ်မံဖြစ်ပွားခြင်းမရှိအောင် အစ္စရေး၏ဟန့်တားပိုင်ခွင့်နှင့် အစ္စရေး၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်တို့ကို သမ္မတဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့က ထောက်ခံသည်ဟု ဘလင်ကင်က ထပ်လောင်းပြောကြားခဲ့သည်။