နာပိုလီအသင်း၏ အားကစားဒါရိုက်တာ မော်ရိုမီလူဆိုုက တိုရီနိုအသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း နည်းပြ မက်ဇာရီကို ရာထူးမှ ထုတ်ပယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
စီးရီးအေပြိုင်ပွဲ၏ လက်ရှိချန်ပီယံ နာပိုလီအသင်းသည် ယခုရာသီတွင် ရလဒ်များ ကျဆင်းနေသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း မက်ဇာရီလက်ထက်တွင် အခြေအနေပိုမိုဆိုးရွားလာခဲ့သည်။
ထို့ကြောင့် ရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဟု ထင်ကြေးပေးမှုများ ရှိနေသော်လည်း မီလူဆိုက ”ကျွန်တော်တို့ ဝေါ်လ်တာမက်ဇာရီကို ယုံကြည်မှုရှိပါတယ်။ သူက ကျွန်တော်တို့ရဲ့ အစီအစဉ်တွေထဲမှာ ရာနှုန်းပြည့်ရှိနေပါတယ်။ သူ့ကို ထုတ်ပယ်ဖို့ ကျွန်တော်တို့ စဉ်းစားမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
သို့သော် ကစားသမားများအနေဖြင့် တာဝန်ယူမှုရှိရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
နာပိုလီအသင်းသည် လက်ရှိအချိန်တွင် ထိပ်ဆုံးမှ အင်တာမီလန်အသင်းနှင့် အမှတ် (၂၀)အထိ ကွာဟသွားခဲ့ပြီဖြစ်သည်။