၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမည့်နှစ်လည်းဖြစ်သည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေအရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်အထိ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။
ထို့ပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ဆိုးကြီး၏ အကျိုးဆက်များကို ဆန်းစစ်လေ့လာ သုံးသပ်ရန်နှင့် ပြန်လည်ကုစားရေး အစီအစဉ်များကို စနစ်တကျရေးဆွဲနိုင်ရန် တိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များလည်း လိုအပ်ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် နစကက လမ်းညွှန်ခွင့်ပြုခဲ့ပြီး၍ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ဆိုသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရသည့် ရည်ရွယ်ချက်များတွင် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတို့ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများကို နောက်ဆုံးအခြေအနေနှင့်အညီ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန် စသည့် အချက်များ ပါဝင်သည်။
ထို့ပြင် သန်းခေါင်စာရင်းက ရရှိလာသည့် အချက်အလက်များသည် အစိုးရ၊ ဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူပြည်သားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်းကသာလျှင် နိုင်ငံအတွင်း နေထိုင်သူများ၏ လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအုပ်စုလိုက်၊ တစ်နိုင်လုံးအတိုင်းအတာအရ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးများ အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သူများ ကယ်ဆယ်ရေး စသည့် အခြားသော ဘက်စုံကဏ္ဍများအတွက်ပါ လိုအပ်သည့်အချက်အလက်များရရှိစေမည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ပြောကြားသည်။
၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို အလေးထားရမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်နှင့် ငွေကြေးများစွာ ရင်းနှီးစိုက်ထုတ်ရသည့်အပြင် သန်းခေါင်စာ ရင်းရလဒ်များသည် နိုင်ငံအဆင့် အရေးကြီးပြီး အသုံးဝင်သည့် အချက်အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်၏ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ အောင်မြင် အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှုအဖြစ် လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် ရှစ်ကြိမ်ကောက်ယူခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ် မတ်လတွင် မြို့နယ်ပေါင်း ၂၅၂ မြို့နယ်နှင့် ချင်းပြည်နယ်ကိုလည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည် ပြည်မကျေးရွာအုပ်စု ၂၁၄၃ ခုနှင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၁၀၁၆ ခုတွင် လည်းကောင်း၊ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်၌တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ကောက်ယူနိုင်ခဲ့ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်ထံမှ သိရသည်။ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ ကြာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၄ ခုနှစ်ရောက်မှသာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သည်။
လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်များပြားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ၁၀ နှစ်လျှင် တစ်ကြိမ်သာ လူဦးရေ သန်းခေါင်စာရင်းများကို ကောက်ယူလေ့ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ်အတွင်းရှိ မြို့နယ် ၂၀ ကို ရွေးချယ်၍ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စမ်းသပ်သန်းခေါင်စာရင်းကို ကောက်ယူခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စမ်းသပ်သန်းခေါင်စာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးမှ မြို့နယ် ၂၀ ရွေးချယ်ပြီး ယင်းမြို့နယ်များ၏ စာရင်းကောက်ကွက် ၁၀၀ ကို နမူနာရွေးချယ်၍ ကောက်ယူခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် အတွေ့အကြုံပေါ် မူတည်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
”လူဦးရေစာရင်းထွက်လာမှ မဲစာရင်း ပြုစုမယ်”
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦးရေစာရင်း ထွက်လာမည်ဖြစ်၍ မဲစာရင်း ပြုစုနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်က ကျင်းပသည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၃) တွင် နစကဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် နစကဥက္ကဋ္ဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းကောက်ယူခြင်း လုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရွန်နစ် မဲပေးစနစ်ဖြင့် စနစ်တကျ မဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်း အခြေခံအချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ အခြေခံအချက်အလက်များ မှန်ကန်မှသာလျှင် မဲစာရင်းမှန်ကန်မှုရှိမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်၌ မိမိတို့နိုင်ငံ၏ လူဦးရေတိုးတက်မှု နှုန်းသည် သုည ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီး ယင်းကို အခြေခံ၍ တွက်ချက်ကြည့်မည် ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းကို တွက်ချက်၍ ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ လွဲမှားမှုများစွာ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦးရေစာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှုမပြုနိုင်သေးသည့် မြို့နယ်အချို့ရှိကြောင်း၊ မဲစာရင်းကောက်ယူသည့် တာဝန်ရှိသူများကို အနှောင့်အယှက်ပေးနေမှုများကြောင့် ကောက်ယူမှုမပြုနိုင်သေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်မှသာလျှင် မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်၍ရသော်လည်း မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် နစက၏ အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရန် အခြေခံအချက်ဖြစ်သည့် မဲစာရင်းမှန်ကန်ပြည့်စုံရေးတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင် နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန်ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်ရန် ပြန်လည်ပြုစုရမည်ဟု ၎င်းက ဆိုထားသည်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည်ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ယင်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု နစကဥက္ကဋ္ဌက ဆိုသည်။
”နစကဥက္ကဋ္ဌ ပြောထားတဲ့ ရွေးကောက်ပွဲ အခင်းအကျင်း နှစ်ခု”
ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်ပြီး အခင်းအကျင်းနှစ်ခု ထွက်ပေါ်လာနိုင်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) တွင် နစကဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပထမတစ်ခုအနေဖြင့် လတ်တလော လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ဒေသများကို ချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒုတိယတစ်ခုအနေဖြင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေပြုလုပ်ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌ၏ ပြောစကားအရ ရွေးကောက်ပွဲကျင်းပမည့် ပထမအခင်းအကျင်းတွင် တည်ငြိမ်မှုအားနည်းနေဆဲ ဒေသများကို ချန်လှပ်ပြီး ကျန်ဒေသများတွင် ရွေးကောက်ပွဲကျင်းပရန် ဖြစ်သည်။
သို့သော် ပထမအခင်းအကျင်းတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်ထက် ပိုမို၍ကျင်းပနိုင်မည့် မြို့နယ်အရေအတွက် နည်းပါးသွားနိုင်သည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ပေ။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိသည့်အနက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ ၃၁၅ မြို့နယ်၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် မြို့နယ် ၁၅ မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။
လက်ရှိတွင် မြန်မာနိုင်ငံ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများရှိနေသည့်အတွက် တည်ငြိမ်မှုအားနည်းနေဆဲ ဒေသများကို ချန်လှပ်ပြီး ကျန်ဒေသများတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် ၃၁၅ မြို့နယ်ထက် နည်းပါးသွားနိုင်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် တည်ငြိမ်မှုမရှိသည့် ဒေသများ၌ ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ဒေသခံမဲဆန္ဒရှင် ပြည်သူများကို လက်နက်အားကိုးဖြင့် မဲမပေးစေရေး၊ မဲပေးပါကလည်း ၎င်းတို့လိုလားသူကိုသာ မဲပေးစေရေး စသည့် ဖိအားပေးအကျပ်ကိုင်မှုများ ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ၏ မူလဦးတည်ချက်များ ပပျောက်သွားနိုင်ကြောင်းနှင့် ဒီမိုကရေစီအတွက် မဲပေးရွေးချယ်မှုသည် အာဏာရှင်နှင့် အကြမ်းဖက်အားပေးများကို မဲပေးရွေးချယ်လိုက်ရသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိပြုမိရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့သည့် တိုင်းရင်းသားဒေသများ၏ မကျေနပ်မှုများကိုလည်း တွေ့မြင်ရပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင်ရှိသည့် ပြည်သူလူထုသည် ၎င်းတို့၏ မူလအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်နှင့် ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒဖော်ထုတ်နိုင်မှု အခွင့်အရေးများ ဆုံးရှုံးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုလုံးအလိုက် ရွေးကောက်ပွဲ မကျင်းပနိုင်သည်ထက်စာလျှင် လုံခြုံမှုရှိသည့်နေရာများတွင် ကျင်းပပေးနိုင်ရန်လည်း စဉ်းစားဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် ရွေးကောက်ပွဲကျင်းပမှုမှ ချန်လှပ်ခဲ့သည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်ခေါ်ယူရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်းစသည့် ကိစ္စရပ်များတွင် အားနည်းချက်များဖြစ်လာမည်ဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တို့တွင်လည်း အလားတူဒေသကိုယ်စားပြုသည့် ကိုယ်စားလှယ်ပါဝင်မှုမရှိခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကျိုးဆက်များကို ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ နိုင်ငံတကာအမြင်၊ ပြည်သူလူထုအမြင်တွင်လည်း လွှတ်တော်ကို မဖြစ်ဖြစ်အောင် ခေါ်သည်ဆိုသည့်အနေအထားသို့ု ရောက်ရှိသွားနိုင်ကြောင်း ၎င်းက ဆိုသည်။
လွှတ်တော်ခေါ်ယူရေးနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်စတက်သည့် ပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ထက်ဝက်ကျော်ဦးရေ တက်ရောက်ပါက အစည်းအဝေး အထမြောက်ကြောင်း ပြောကြားသည်။
ထို့ကြောင့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ကိုယ်စားလှယ်အရေအတွက် ရာခိုင်နှုန်း ၅၀ တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်၍ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆိုသည်။
သို့သော် လွှတ်တော်အစည်းအဝေးကို ကျင်းပလိုက်သည်နှင့် လွှတ်တော်အစည်းအဝေး အထမြောက်အောင် တပ်မတော်က အတင်းလုပ်ယူသည်ဟူသည့် ပုံရိပ်တစ်ခုကို သတ်မှတ်သွားနိုင်သည့် အနေအထားရှိကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် သမ္မတ၊ ဒုတိယသမ္မတ စသည်တို့ ရွေးချယ်သည့်အခါတွင်လည်း ပုံရိပ်အရ မသင့်တော်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
နစကအနေဖြင့် ကျင်းပပေးမည့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲဖြစ်သည့်အတွက် ပြည်သူများ၏ ဆန္ဒဖြင့် ရွေးချယ်လိုက်သည့် ရွေးကောက်ခံကိုယ်စားလှယ်များ ပါဝင်ရန်လိုကြောင်း၊ အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်အထိ ကိုယ်စားလှယ်များ ရွေးချယ်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ရွေးကောက်ပွဲ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ရန် ခက်ခဲမည်ဖြစ်ကြောင်း ၎င်းက ဝန်ခံပြောကြားသည်။
နစကဥက္ကဋ္ဌ၏ ပြောစကားအရ ရွေးကောက်ပွဲကျင်းပမည့် ဒုတိယအခင်းအကျင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပခြင်းကို ဆိုလိုသည်။
သို့သော် ဒုတိယအခင်းအကျင်းတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုလည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။
အဓိကအားဖြင့် လက်နက်ကိုင် ဆန့်ကျင်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့်ဒေသများတွင် လက်နက်အားကိုးခြိမ်းခြောက်ပြီး မဲပေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ အကြမ်းဖက် ဗုံးဖောက်ခွဲခြင်း၊ တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သမားများ လိုလားသည့်သူများကို ခြိမ်းခြောက်မဲထည့်စေခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရလဒ်အနေဖြင့် မဲဆန္ဒရှင်များကိုယ်တိုင် မဲပေးရွေးချယ်သည့် ရာခိုင်နှုန်းကျဆင်းခြင်း၊ အကြမ်းဖက်အားပေး လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးသို့ ရောက်ရှိလာခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှုကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ၎င်းက ပြောကြားသည်။
ထိုသို့သောအခြေအနေများ မဖြစ်ပေါ်လာစေရေးအတွက် လတ်တလောအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
”လုံခြုံရေးအခြေအနေ”
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမည် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။
သို့သော် လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လက်နက်ကိုင်ပဋိပက္ခများက ပြင်းထန်နေသည်။ ထို့ကြောင့် လုံခြုံရေးအရ အလေးထားပြီး ထိထိရောက်ရောက် ဆောင်ရွက်ရမည့် မြို့နယ်အရေအတွက်မှာ ထိုထက် ပိုမိုများပြားဖွယ် ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ် ၅၅ မြို့နယ် ရှိလာပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း သုံးနှစ်နီးပါးအကြာတွင် နစကက ကြေညာခဲ့သည့် စစ်အုပ်ချုပ်ရေးမြို့နယ် ၅၅ မြို့နယ်အထိ ရှိလာခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး နစကက မြို့နယ်ပေါင်း ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသည့်အတွက် မြို့နယ်အားလုံး၏ ခြောက်ပုံတစ်ပုံရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် ၁၀ ခုမှ မြို့နယ်ပေါင်း ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းတွင် ခြောက်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူးတိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်းတွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊ တနသာင်္ရီတိုင်းတွင် နှစ်မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ရှစ်မြို့နယ်တို့ကို နစကက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့် တိုင်း ၁၀ ခုအနက် စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေညာခံထားရပြီး ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်ဖြင့် တတိယ အသီးသီး ကြေညာခံထားရသည်။
ထိုသို့သော အခြေအနေတွင် လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နစကအနေဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူမည်ဖြစ်ကြောင်း ကြေညာထားပြီး ကောက်ယူရရရှိလာသည့် လူဦးရေစာရင်းထွက်လာမှ မဲစာရင်းပြုစုမည်ဖြစ်ကြောင်း တရားဝင်ပြောကြားထားသည်။
မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေပြီး စစ်ဘောင်ကျယ်လာသော အခြေအနေ၌ နစက၏ တစ်ပြည်လုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းတွင် အခက်အခဲများ တွေ့နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူနိုင်မှု မရှိခဲ့လျှင် မဲစာရင်းပြုစုရာ၌ အခက်အခဲရှိနိုင်မည်ဖြစ်ပြီး မှန်ကန်သည့် မဲစာရင်း ရရှိရန် မလွယ်ကူကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလ၌ ပြန်လည်ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသော်လည်း မည်သည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
ထို့ကြောင့် နိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေချိန်တွင် နစကအနေဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူပြီး မဲစာရင်းပြုစု၍ ရွေးကောက်ပွဲ လျင်လျင်မြန်မြန် လုပ်ပေးနိုင်မည်လားဆိုသည်ကို နိုင်ငံရေးလေ့လာသူများ ဆက်လက်စောင့်ကြည့်နေကြသည်။