မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဗဟိုလမ်းရှိ ထက်သိင်္ဂီကျော်ရွှေဆိုင်မှာ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းကက Phone Massage ဖြင့် ခြိမ်းခြောက် ငွေတောင်းခံရကြောင်း အဆိုပါ ရွှေဆိုင်နှင့် နီးစပ်သူများထံမှ သိရသည်။
Phone Massage တွင် “ညက မင်းတို့ဆိုင်နားကို ဗုံးထောင်ထားတယ်။ သိန်း (၃၀) ပေးရင်မခွဲဘူး။ မပေးရင်ခွဲမယ်။ 09-752631628 ကို Wave Money နဲ့လွှဲလိုက် အခုနော်” ဟု ရေးသားထားကြောင်း သိရသည်။
“ငွေကျပ်သိန်း သုံးဆယ် ကို Wave Money နဲ့ လွှဲပေးပေါ့။ မလွှဲပေးရင် ဗုံးခွဲမယ်ဆိုပြီး ရေးသားထားတဲ့ စာကို Phone Massager ကတဆင့် ပို့လာတာလို့ သိရတယ်” ၎င်းရွှေဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားထားသည်ဟု သိရကြောင်းနှင့် သက်ဆိုင်ရာမှလည်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆိုသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း အဆိုပါ ထက်သိင်္ဂီကျော်ရွှေဆိုင် နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးအနီး၊ ဗဟိုလမ်း နှင့် မင်းကြီးတံတားလမ်းထောင့်ရှိ Denko စက်သုံးဆီအရောင်းဆိုင် မန်နေဂျာထံသို့ အမျိုးသားတစ်ဦးက ကျပ်သိန်း (၅၀) ပေးရန် လက်ကိုင်ဖုန်းဖြင့် ခြိမ်းခြောက်ပြောကြားခဲ့သည့်အပြင်၊ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲမည်ဟု Phone Massager မှတဆင့် ခြိမ်းခြောက်စာ ပေးပို့ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။