မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၄၂ နေရာ ရပ်တည်နေကြောင်း သိရသည်။
သက်ထားသူဇာသည် စက်တင်ဘာလလယ်နောက်ပိုင်းကတည်းက အဆင့် ၄၀ ကျော်အတွင်း တောက်လျှောက် ရပ်တည်နေခြင်းဖြစ်ပြီး အမြင့်ဆုံးရပ်တည်မှုအဖြစ် အဆင့် ၄၀ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
သက်ထားသူဇာသည် လက်ရှိရပ်တည်နေသည့် အဆင့် ၄၂ နေရာတွင် နောက်ဆုံးလေးပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလအတွင်းကျင်းပသည့် တရုတ်မာစတာ ကြက်တောင်ပြိုင်ပွဲပြီးကတည်းက BWF ပြိုင်ပွဲယှဉ်ပြိုင်မှု ရပ်နားထားခြင်းဖြစ်သည်။
သက်ထားသူဇာသည် ၂၀၂၃ ခုနှစ်အတွင်း BWF ပြိုင်ပွဲ ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားသည့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့သောကြောင့် ရမှတ်ပိုမိုရရှိကာ အဆင့်ရပ်တည်ချက် မြင့်မားလာခြင်းဖြစ်သည်။