ထိုင်ဝမ်ခေါင်းဆောင်များသည် ၎င်းတို့၏ ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး တရုတ်ကို အလွန်အကျူးစွပ်စွဲနေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ရွေးကောက်ပွဲများကို ကြားဝင်စွက်ဖက်နေသည်ဆိုသည့် ပြောကြားချက်များကို ထိုင်ဝမ်ခေါင်းဆောင်များက အလွန်အကျူးဖော်ပြနေသည်ဟု တရုတ်ကာ ကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
တရုတ်၏ ဖိအားများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်၌ ဇန်နဝါရီ ၁၃ ရက်တွင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်မှုနှင့် သတင်းအမှားများပျံ့နှံ့မှုတို့နှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေသည်ဟု တိုင်ပေအရာရှိများက ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ အာဏာရပါတီ DPP ၏ အာဏာပိုင်များသည် ၎င်းတို့ရွေးကောက်ပွဲများကို တရုတ်က ကြားဝင်စွက်ဖက်နေသည်ဟု အလွန်အကျူးစွပ်စွဲပြောကြားခဲ့ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိပ်တိုက်တွေ့ရန် ကြိုးပမ်းနေသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝူချန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာလအတွင်း တရုတ်၏ မိုးပျံပူဖောင်းများသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းဝင်ရောက်ခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။
ထိုမိုးပျံပူဖောင်းများနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ဝူက ကြားဝင်စွက်ဖက်မှုစွဲချက်များကို ငြင်းဆိုခဲ့သည်။
ထိုင်ဝမ်၏ ပြောကြားချက်များသည် ယခင်နည်းလမ်းများအတိုင်း အလားတူပြောကြားချက်များဖြစ်ကြောင်း သို့သော် ထိုင်ဝမ်ဒေသခံများသည် အသိအမြင်ပိုပြီးကြွယ်ဝလာခဲ့ကြောင်း ဝူက ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ ထင်ရှားကျော်ကြားသည့် Mayday တေးဂီတအဖွဲ့သည် တရုတ်လိုလားသည့် မှတ်ချက်များကို ပြောကြားရန် ဖိအားပေးခံနေရကြောင်း CNN သတင်းဌာနက ထုတ်ပြန်ခဲ့သည့် နေ့မှာပင် ဝူ၏ မှတ်ချက် စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်၏ တရုတ်ပြည်မကြီးရေးရာ ကောင်စီကမူ တရုတ်အာဏာပိုင်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ အနုပညာဖျော်ဖြေမှုနှင့် အားကစားကဏ္ဍများမှ လူပုဂ္ဂိုလ်များအား ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်များကို ဖော်ပြရန် တွန်းအားပေးနေပြီး အပြန်အလှန်အနေဖြင့် တရုတ်နိုင်ငံတွင် လာရောက်ဖျော်ဖြေခွင့် သို့မဟုတ် အားကစားယှဉ်ပြိုင်ခွင့် အစရှိသည့်အခွင့်အလမ်းများ ပေးထားကြောင်း စွပ်စွဲခဲ့သည်။
တရုတ်အစိုးရကမူ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းစားနေသည့် DPP ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်ပြီး လက်ရှိထိုင်ဝမ်ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဝီလျံလိုင်နှင့် ၎င်း၏ DPP ပါတီက ခွဲထွက်ဝါဒီများအဖြစ် ယူဆထားသည်။
လိုင်ကမူ သူသည် ထိုင်ဝမ်၏ တရားဝင်အမည်ဖြစ်သည့် Republic of China ဆိုသည့် အမည်ကို ပြောင်းလဲရန် အစီအစဉ်မရှိကြောင်း သို့သော် ထိုင်ဝမ်လူထုသည် ၎င်းတို့၏ အနာဂတ်ကို ၎င်းတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။