မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က လမ်းအင်ဂျင်နီယာအမျိုးသားတစ်ဦး လမ်းကြိတ်စက်အကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားလမ်းအား ပြုပြင်မှုများလုပ်ဆောင်နေစဉ် နောက်ပြန်မောင်းနှင်လာသည့် လမ်းကြိတ်စက်က ကားလမ်းအား တိုင်းတာနေသည့် လမ်းအင်ဂျင်နီယာကို ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “လမ်းအင်ဂျင်နီယာက နောက်ကျောပေးပြီး လမ်းကို တိုင်းနေတဲ့အချိန်မှာ လမ်းကြိတ်စက်က နောက်ပြန်မောင်းလာပြီး ဝင်ကြိတ်မိသွားတာလို့ သိရတယ်။ လမ်းကြိတ်စက်က လမ်းအင်ဂျင်နီယာရဲ့ ခါးအောက်ပိုင်းကို တက်ကြိတ်မိခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပါတယ်” ဟု ပြောကြားသည်။
လမ်းကြိတ်စက် အကြိတ်ခံရပြီး သေဆုံးခဲ့သည့် လမ်းအင်ဂျင်နီယာမှာ အသက် ၄၈ နှစ်ခန့်ရှိပြီး သထုံမြို့တွင် နေထိုင်သူတစ်ဦးဖြစ်သည်ဟု သိရကြောင်း အဆိုပါဒေသခံက ပြောကြားသည်။
လမ်းကြိတ်စက် အကြိတ်ခံရပြီး သေဆုံးခဲ့သည့် လမ်းအင်ဂျင်နီယာ၏ အလောင်းအား ဘီးလင်းမြို့ ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်က ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။