(၁)
နိုင်ငံတကာငွေကြေးပေးချေမှုကိစ္စတွင် အကျပ်အတည်းအခက်အခဲများ တစ်စပြီးတစ်စ ထွက်ပေါ်လာချိန်၌ အမေရိကန်ငွေကြေးဒေါ်လာကိုနိုင်ငံတကာသုံးငွေမာအဖြစ်အသုံးပြုခြင်းကိစ္စနှင့်ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးသုံးသပ်မှုများရှိလာသည်။ ဒုတိယကမ္ဘာစစ်ပြီးစကာလက နိုင်ငံတကာ ငွေပေးမှုများ၊ ငွေပေးငွေယူကိစ္စများနှင့်ပတ်သက်၍ နိုင်ငံများလက်ခံခဲ့ကြသည့် ဘရစ်တန်ဝုဒ် သဘောတူညီမှု (Bretton Woods Agreement) သည် ၁၉၇၁ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ထိုအချိန်ကတည်းက နိုင်ငံတကာငွေကြေးစနစ်နယ်ပယ်၌ အမေရိကန်ဒေါ်လာငွေသည် နိုင်ငံအများ နှစ်သက်လက်ခံအကြိုက်များလျက် နိုင်ငံ တကာသုံး ငွေမာဖြစ်နေခဲ့သည်။ ယခုအချိန်တွင် အခြေအနေက တစ်မျိုးတစ်ဖုံဖြစ်လာသည်။ အမေရိကန်အစိုးရ၏ အခွင့်အာဏာဖြင့် ထုတ်ဝေထားသော ဒေါ်လာ ငွေစက္ကူအပေါ် စိတ်ဝင်စားမှု လျော့ပါးလာနေကြပြီ။
“နိုင်ငံအများစုကဒေါ်လာကို အသုံးမပြုခဲ့လျှင် “ ဟူသော အကြောင်း၏ အကျိုးဆက် မည်သို့ဖြစ်နိုင်မည်နည်း။ ဒေါ်လာငွေကြေး မိခင်နိုင်ငံ အမေရိကန်နှင့် ဒေါ်လာကို အဓိကထား သုံးစွဲနေသည့် အနောက်နိုင်ငံများ မည်သို့ပြင်ဆင်မှုများပြုလုပ်ထားကြသနည်း။ ဒေါ်လာအသုံးပြုမှု အဆုံးသတ်ခဲ့ပါလျှင် ဖြစ်လာနိုင်ခြေများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုမလုပ်နိုင်။ အဆင့်သင့် မဖြစ်ကြသေးပေ။
(၂)
၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂-၂၄ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်၌ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့က ဘရစ်အုပ်စုအဖွဲ့ဝင်နိုင်ငံများ၏ (၁၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (BRICS Summit) ကို ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် အရေးကြီးသော အကြောင်းအရာများထဲတွင် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပြုလုပ်ရာတွင် ဒေါ်လာငွေကြေးနေရာတွင် ငွေကြေးအမျိုးအစားသစ်တစ်မျိုး သို့မဟုတ် ငွေပေးချေမှုစနစ်တစ်မျိုး အစားထိုးအသုံးပြုနိုင်ရေးအကြောင်းသည် အစည်းအဝေး၏ထိပ်တန်းအရေးကိစ္စအဖြစ်ပါဝင်သည်။ အစည်းအဝေးကို အဖွဲ့ဝင်သစ် ခြောက်နိုင်ငံဖြစ်သည့် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့လည်း တက်ရောက်သည်။ အနောက်နိုင်ငံမဟုတ်သည့်နိုင်ငံများ ဒါဇင်ချီ၍လည်းကောင်း၊ အနောက်နိုင်ငံများနှင့် ဆက်စပ်မှုရှိသည့် နိုင်ငံအချို့ကလည်းကောင်း တက်ရောက်၍ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။
အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့်အကြောင်းသည် နိုင်ငံတကာငွေကြေးပေးချေမှုစနစ် အပြောင်းအလဲဖြစ်သော်လည်း နောက်ကွယ်တွင် အနောက် ကမ္ဘာမှ ဒီမိုကရေစီနိုင်ငံများနှင့် အုပ်စုသစ်ဘရစ် (BRICS) အဖွဲ့ဝင်နိုင်ငံများအကြား အိုင်ဒီယာပြိုင်ဆိုင်မှုလက္ခဏာအသွင်ဖြစ်နေသည်။ ဗြိတိသျှ ဘောဂဗေဒ ပညာရှင် ဂျွန်မေနတ်ကိန်းစ် ( John Maynard Keynes: ၁၈၈၃-၁၉၄၆) ၏ စီးပွားရေးသီအိုရီ (Keynesian Economic Theory) နှင့် ရွှေသတ္တုတို့ကြား အသုံးဝင်မှုအားပြိုင်လာသည့် အခြေအနေဖြစ်သည်။ အချို့က ရွှေသတ္တုု အနိုင်ရလိမ့်မည်ဟု ကောက်ချက်ချသည်။
(၃)
ဩစတြေးလျ စီးပွားရေးပညာရှင်နှင့် စီးပွားရေးသမိုင်းပညာရှင် Murray N. Rothbard (၁၉၂၆-၁၉၉၅) က ၎င်း၏ “What Has Government Done to Our Money? ” စာအုပ်ထဲတွင် “ရွှေ” သည် အစိုးရထုတ်ငွေစက္ကူ (fiat money) နှင့်ယှဉ်ပါက အဆင့်နိမ့် သို့မဟုတ် ညံ့ဖျင်းသည့်အရာဖြစ်ကြောင်း မည်သည့် အခါမျှ သက်သေပြနိုင်ခြင်းမရှိခဲ့ဟု ရှင်းပြထားသည်။ ရွှေစံချိန်စနစ်နေရာတွင် ပိုမိုကောင်းမွန်သော ငွေကြေးစနစ်ဖြင့် အစားထိုးနိုင်ခြင်းမရှိခဲ့ပေ။ နိုင်ငံအစိုးရများသည် ၎င်းတို့၏ပြင်းထန်လွန်းသော စိတ်ဆန္ဒအရ စစ်ပွဲများအတွက်အသုံးပြုရန်လည်းကောင်း၊ ပြည်သူလူထုသက်သာချောင်ချိရေးလိုအပ်ချက်များဖြည့်ဆည်းရန်ရည်ရွယ်ချက်ဖြင့်လည်းကောင်း သေသပ်ပိရိသော အကြံစည်များဖြင့် ငွေစက္ကူများ ထုတ်ဝေအသုံးပြုခဲ့ကြသည်။ ရလဒ်မှာ အဆုံးမရှိသော စစ်ပွဲများ၊ တဖြည်းဖြည်း တိုးချဲ့ များပြားလာသော လူမှုဖူလုံရေးအစီအစဉ်များ၊ အစိုးရဘတ်ဂျက်လိုငွေများနှင့် သုံးစွဲနေသည့် ငွေကြေး၏ တန်ဖိုးအရှိန်အဟုန်ဖြင့်ကျဆင်းမှုများ ဖြစ်လာသည်။
အမေရိကန်ဒေါ်လာငွေစက္ကူသည်လည်း ထိုအခြေအနေအတိုင်းပင်။ ဒေါ်လာငွေကြေးအတွက် စိန်ခေါ်မှုသည် ၁၉၇၁ ခုနှစ်ကတည်းကရှိခဲ့ပြီး ရွှေသတ္တုနှင့်ယှဉ်ပါက ဝယ်ယူနိုင်စွမ်းအား ၉၈ ရာခိုင်နှုန်းအထိနိမ့်ကျစေခဲ့သည့် ဆုတ်ယုတ်ကျဆင်းမှုမှ စတင်ခဲ့သည်။ ထိုစိန်ခေါ်မှုသည် ရုရှားနိုင်ငံအပေါ်ပြုလုပ်သည့် စီးပွားရေးပိတ်ဆို့မှုများနှင့်အတူ ယခုတစ်ကျော့ပြန် စတင်သက်ဝင်လာခဲ့သည်ဟုဆိုရမည်။ SWIFT ဟု နိုင်ငံတကာတွင်လူသိများသုံးစွဲနေသည့် ဒေါ်လာအသုံးပြု၍ နိုင်ငံ တကာ ကုန်သွယ်မှုကိစ္စများအတွက် ငွေပေးငွေယူစနစ်ကို ရုရှားနိုင်ငံ သုံးစွဲနိုင်ခြင်းမရှိစေရန်ဟန့်တားခြင်း၊ အနောက်နိုင်ငံများရှိ ရုရှားပိုင်အက်ဆက်များကို ထိန်းချုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထိုအခြေအနေများသည် ရုရှားနိုင်ငံကို နိုင်ငံတကာငွေပေးချေမှုစနစ်အတွက် နည်းလမ်းသစ်ရှာရန် တွန်းအားပေးလိုက်သကဲ့သိုဖြစ်သွားသည်။ လက်ရှိအခြေအနေတွင် ရုရှားငွေကြေးဆိုင်ရာကျွမ်းကျင်သူ Sergey Glazyev က SWIFT စနစ်နေရာတွင် စနစ်သစ်တစ်ခုအစားထိုးအသုံးပြုနိုင်ရေး ဦးဆောင်လှုပ်ရှားနေသည်။
(၄)
လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ က ကိန်းစ် (Keynes) ၏ မှားယွင်းသော အယူအဆရပ်တန့်သွားတော့မည်လော။ နိုင်ငံတကာ ကုန်သွယ်မှုစနစ်တွင် ရွှေအသုံးပြုမှု မိတ်ဆက်ပေးလိုက်ခြင်းသည် ဘောာဂဗေဒပညာရှင် ကိန်းစ်၏ စီးပွားရေးအိုင်ဒီယာ (Keynesian economics) ၏ အဓိကလွဲမှားချက်ကို ဖော်ထုတ်ပေးလိမ့် မည်ဟု ရှုမြင်ကြသည်။ ကိန်းစ်က ဝယ်လိုအားကို အားကျေနပ်နှစ်သိမ့်စေသည့် နည်းလမ်းဖြစ်သည့် စီးပွားရေးအဆောက်အအုံတစ်ခုထဲတွင် ပထမအဆင့်မှာပင် ဝယ်လိုအားကို ကျေနပ်မှုဖြစ်စေသောနည်းလမ်းအဖြစ် ထုတ်လုပ်မှုထက် စုစုပေါင်းဝယ်လိုအားကို ထင်ထင်ပေါ်ပေါ် မြှင့်တင်ခြင်းဖြစ်သည်ဟု ဖော်ထုတ်ခဲ့သည်။
ပြင်သစ်လူမျိုး ဘောဂဗေဒပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဂျင်းဘက်ပ်တစ်ဆေး (Jean-Baptiste Say: ၁၇၆၇-၁၈၃၂) ကမူ စားသုံးမှုအကျိုးကျေးဇူး များကိုခံစားနိုင်ရန် ထုတ်လုပ်မှုလိုအပ်သည်ကိုလည်း ပြသပြောဆိုခဲပြီးဖြစ်သည်။ သို့သော် ကိန်းစ် (Keynes) က ၎င်း၏သီအိုရီအတွင်းပိုင်း ကွဲလွဲမှုများကို ဖော်ပြခြင်းမရှိဘဲ သူ၏ General Theory of Employment, Interest and Money စာအုပ်ထဲ၌ Say ၏ ဥပဒေသကို သွေဖည်လျက် ရေးသားခဲ့သည်ကိုတွေ့ရသည်။
(၅)
“စားသုံးရန်အတွက် ထုတ်လုပ်မှုမလိုအပ်သည့်အခြေအနေဖြစ်သည်” သို့မဟုတ် “စားသုံးမှုအတွက်လိုအပ်သောအခြေအနေသည်ပ ဉ္စလက်ဆန်စွာ ပေါ်ထွက်လာမည်” ဟူသော အချက်သည် လူတိုင်းယုံကြည်နိုင်သည့်အခြေအနေမဟုတ်ပေ။ သို့တိုင် ၎င်း၏ ကပြောင်းကပြန်ဖြစ်နေသောသီအိုရီဖြင့် နိုင်ငံရေးသမားများကို အကြောင်းပြချက်ကောင်းကောင်းဖြင့် ဆွဲဆောင်နိုင်ခဲ့သည်။ ဗဟိုဘဏ်က ထုတ်ဝေလိုက်သော ငွေများအားလုံးကို နိုင်ငံရေးသမားများကို စိတ်ကြိုက်လုပ်ပိုင်ခွင့် သုံးစွဲခွင့်ပေးခဲ့ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး၏အကျိုးစီးပွားအတွက် လိုအပ်သည့် အသုံးစရိတ်များကို ဦးစားပေးရွေးချယ်သုံးစွဲခြင်း၊ ချွေတာသုံးစွဲခြင်းထက် နိုင်ငံရေးသမားများ (အစိုးရအဖွဲ့) ၏ တာဝန်ဖြစ်သည်ဟုဆိုလျက် စိတ်ကြိုက်သုံးစွဲခွင့်ပေးခြင်းဖြစ်သည်။ ထုတ်လုပ်မှုထက် စီးပွားရေးအဆောက်အအုံအတွင်း ၎င်းတို့ စိတ်တိုင်းကျ ငွေကြေးလည်ပတ်နေမှုကိုသာ တစ်ဖက်သတ်အလေးထားစဉ်းစားထားခြင်းဟုဆိုရမည်။
(၆)
အမေရိကန်ဒေါ်လာနေရာတွင် ပေးချေမှုစနစ်တစ်ခုအစားထိုးရန်ရှာဖွေနေကြသော်လည်း ရွှေသတ္တုကိုစိတ်ဝင်စားမှုကများလာသည်။ ထို့ကြောင့် နိုင်ငံတကာ ကုန်သွယ်မှု ငွေပေးချေမှုစနစ်သစ်သည် ရွှေဖြင့် ဖြေရှင်းရန်လိုအပ်မည်ဟု ရှုမြင်သူများရှိလာသည်။ လန်ဒန်စတော့အိတ်ချိန်းအဖွဲ့ဝင်၊ ဂိုးလ်မန်းနီးကုမ္ပဏီ၏သုတေသနအကြီးအကဲဖြစ်သူ အလက်စ်ဒါယာ မက်ခ်လီယော့ဒ် (Alasdair Macleod) က ဖြစ်နိုင်ခြေရှိသော ယန္တရားတစ်ခုဖြစ်သည်ဟုဆိုသည်။ လေလောလတ်လတ် ငွေပေးချေမှုနည်းလမ်းတစ်ရပ်ရှာဖွေနေကြသော ဘရစ်အုပ်စုအဖွဲ့ဝင်နိုင်ငံမျာအတွက်သာမက နိုင်ငံများအားလုံးအတွက်ပါ အလုပ်ဖြစ်၍ အကျိုးကျေးဇူးထင်ထင်ရှားရှား တွေ့ရလိမ့်မည်။ နိုင်ငံရေးအရ အကျိုးအမြတ်မှာ မည်သည့်နိုင်ငံကမှ စနစ်ကိုထိန်းချုပ်နိုင်ခြယ်လှယ်နိုင်မှု မလုပ်နိုင်ခြင်းဖြစ်သည်။
စီးပွားရေးအရ အကျိုးအမြတ်မှာ အစိုးရအသုံးစရိတ်ကို နည်းပါးအောင် လျှော့ချမည်ဖြစ်ပြီး အစိုးရတစ်ရပ်က ဩဇာအရှိန်အဝါ ဖြန့်ကြက်တိုးချဲ့ခြင်းထက် အရင်းအမြစ်များကို ထုတ်လုပ်မှုအတွက် ထိထိရောက်ရောက် ခွဲဝေပေးနိုင်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် ပို့ကုန်တိုးချဲ့ခြင်းဖြင့်သာ တင်သွင်းမှုကို တိုးချဲ့နိုင်မည်။ ထိုအချက်သည် ဘရစ်အုပ်စု အဖွဲ့ဝင်နိုင်ငံများ ထုတ်လုပ်မှုတိုးမြှင့်မှုဖြစ်စေသည့် ရည်ရွယ်ချက်အတွက် ပြည်တွင်းစီးပွားရေးကို ပြုပြင်ပြောင်းလဲရန် အစိုးရစျေးကွက် ဖိအားများလည်း ဖြစ်လာစေသည်။
ကိန်းစ်၏ ရှေးမူလအိုင်ဒီယာအရ နိုင်ငံ၏ရွှေသတ္တုပိုင်ဆိုင်မှုစာရင်းမှ ရွှေများစီးထွက်သွားပြီး သွင်းကုန်တင်သွင်းမှုများကို ရပ်တန့်စေနိုင်သောကြောင့် ဖန်တီးတိုးမြင့်ထားသောဝယ်လိုအား (ဆိုလိုသည်မှာ သူအလိုအလျောက် ဝယ်လိုအားတိုးလာခြင်းမဟုတ်) သည် ဆန့်ကျင်ဘက်သက်ရောက်မှုသာ ဖြစ်လိမ့်မည်။ ထို့ကြောင့်ထိုစနစ်သည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီ၏ စီးပွားရေးအခြေအနေအတွင်း ခိုင်မာအားကောင်းသော စီးပွားရေးအလေ့အကျင့်များကို အားပေးသည့်သဘောရှိသည်။ ငွေစက္ကူရိုက်နှိပ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ အလွန်အကျွံချမှတ်ခြင်း၊ အခွန်၊ အကောက်များ အလွန်အမင်း စည်းကြပ်ကောက်ခံခြင်း၊ အစိုးရ အသုံးစရိတ်များ အလွန်အကျွံသုံးစွဲခြင်းတို့မှာ နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုတွင် ပါဝင်နိုင်သည့် စွမ်းရည်အတွက် မည်သို့မျှအထောက်အကူမပြုပေ။ ပမာဏကြီးမားသော လူမှုဖူလုံရေး၊ ပြည်သူလူထုသက်သာချောင်ချိရေး အစီအစဉ်များ လုပ်ဆောင်နေသော၊ နိုင်ငံ၏ ငွေကြေးအရင်းအနှီး အခြေအနေကို ဖြည့်တင်းနိုင်စွမ်းမရှိဘဲ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်သာ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသော အစိုးရများရှိနေသည့် အမေရိကန်ကဲ့သို့နိုင်ငံများသည် ရုန်းကန်နေရလိမ့်မည်။ နျူကလီးယားလက်နက်များ အမြောက်အမြားရှိခြင်းသည် နိုင်ငံ့စီးပွားရေးနှင့် မဆီလျော်၊ မပတ်သက်။ စစ်အခြေစိုက်စခန်းများ ကမ္ဘာအနှံ့ ဖြန့်ကြက်ထားခြင်းသည်လည်း နိုင်ငံ့ပိုင်ဆိုင်မှု (asset) တိုးလာခြင်းထက် နိုင်ငံအတွက် ပေးရန်တာဝန်များသာ (liabilities) မြင့်တက်လာပေလိမ့်မည်။
(၇)
ဂိုးလ်မန်းနီးကုမ္ပဏီ၏ သုတေသနအကြီးအကဲဖြစ်သူ အလက်စ်ဒါယာ မက်ခ်လီယော့ဒ်က အရေးကြီးသောအချက်ကို ထောက်ပြထားသည်။ ထိုအချက်မှာ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ငွေကြေးချေမှုယန္တရားတွင် ရွှေကိုအခြေခံထား သုံးစွဲသည့်စနစ်သည် အချိန်ကြာမြင့်လာသည်နှင့် အမျှ၊ ဘရစ်အဖွဲ့ဝင်နိုင်ငံများ၏ပြည်တွင်းငွေကြေးစနစ်များထဲတွင် ကျယ်ကျယ်ပြန့်ပြန်ရောက်ရှိလာလိမ့်မည်ဟူသော ခန့်မှန်းချက်ဖြစ်သည်။ တစ်နည်းဆိုရသော် အစိုးရအခွင့်အာဏာဖြင့်ထုတ်ဝေ ထားပြီး အစိုးရကိုယ်တိုင် ဖောင်းပွစေသော၊ တန်ဖိုးကျစေသော ငွေစက္ကူငွေကြေးသည် တစ်ချိန်တွင် စီးပွားရေးသမိုင်း၏ ပြာပုံထဲတွင် စွန့်ပစ်ခြင်းခံရလိမ့်မည်ဟု ဆိုထားသည်။
တစ်ချိန်တစ်ခါက ဘောဂဗေဒပညာရှင် ဂျွန်မေနတ်ကိန်းစ် ရွှေစံချိန်စနစ်ကို သုံးသပ်ရင်း “ရွှေ” ကို မယဉ်ကျေးခဲ့သောအချိန်က ရှေးဟောင်းနှောင်းဖြစ် အောက်မေ့စရာ အကြွင်းအကျန်” (barbarous relic) ဟု အမည်တပ် ပြောဆိုခဲ့ဖူးသည်။ ယခုအချိန်တွင် အစိုးရထုတ်ငွေစက္ကူသည် ထိုအခြေအနေမျိုးနှင့် ရင်ဆိုင် နေရပြီလော။ အနာဂတ်တစ်ချိန်တွင် ငွေစက္ကူငွေကြေးကိုယ်တိုင် “ရွှေသတ္တု” အပေါ် ပညာရှင်ကိန်းစ်ခန့်မှန်းခဲ့သည့် အခြေအနေမျိုး ဖြစ်လာနိုင်ပါ မည်လော။