ဘဏ်ဝန်ဆောင်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ ဝင်ငွေတိုးမြင့်ရရှိခဲ့ဖြင့် FMI အုပ်စု၏ ၂၀၂၃ နှစ်ဝက်အတွက်ဝင်ငွေမှာ ယခင်နှစ်ဝက်ထက် ၄၄ ရာ ခိုင်နှုန်းတိုးတက်ခဲ့ကြောင်း FMI အုပ်စု၏ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်အတွက် ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေမှာ ကျပ် ၂၂၉ ဒသမ ၄ ဘီလျံရရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်၏ စုစုပေါင်းဝင်ငွေကျပ် ၁၅၉ ဒသမ ၄ ဘီလျံနှင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်းအားဖြင့် ၄၃ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ငွေတိုးတက်ရသည့်အဓိကအကြောင်းအရင်းမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ(ရိုးမဘဏ်)နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ(ပန်းလှိုင်ဆေးရုံအုပ်စု)တို့မှ ဝင်ငွေများတိုးမြင့်ရရှိခြင်းတို့ ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရိုးမဘဏ်မှရရှိသောဝင်ငွေသည် ၂၀၂၂ ခုနှစ် စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၃၀ ဒသမ ၄ ဘီလျံရရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၉၀ ဒသမ ၇ ဘီလျံအထိရရှိခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၂ ရာ ခိုင်နှုန်းတိုးတက်ခဲ့ပြီး ကုမ္ပဏီအုပ်စု၏ဝင်ငွေတိုးတက်မှုကို အများဆုံးထောက်ပံ့ပေးနိုင်ခဲ့သည်။
ထိုသို့ ဝင်ငွေတိုးမြင့်လာခြင်း၏အဓိက အကြောင်းအရင်းမှာ ဘဏ်ချေးငွေအမျိုး မျိုးနှင့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုမှရရှိသော ဝင်ငွေများတိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်။
ပန်းလှိုင်ဆေးရုံအုပ်စုမှဝင်ငွေရရှိမှုမှာလည်း ၂၀၂၂ စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၂၉ ဘီလျံရရှိခဲ့ရာမှ ၂၀၂၃ စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၃၈ ဘီလျံအထိရရှိခဲ့သဖြင့် ရာခိုင်နှုန်းအား ဖြင့် ၃၁ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အဆိုပါဝင်ငွေတိုးမြင့်လာရခြင်းမှာ အဓိကအားဖြင့် ဆေးရုံများ၏ ပင်မဝန်ဆောင်မှုဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သော ကျန်းမာရေးစစ် ဆေးမှု၊အရေးပေါ်ကုသမှု၊ အတွင်းလူနာနှင့် ပြင်ပလူနာစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများမှ ဝင်ငွေပို၍ ရရှိလာခြင်းကြောင့်ဖြစ်သည်။
ကုမ္ပဏီအုပ်စု၏ ၂၀၂၃ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေး နှစ်ဝက်အတွက် အကြမ်းအမြတ်သည် ကျပ် ၉၀ ဒသမ ၉ ဘီလျံရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်၏ အကြမ်းအမြတ် ၅၃ ဒသမ ၉ ဘီလျံနှင့် နှိုင်းယှဉ်လျှင်ရာခိုင်နှုန်းအားဖြင့် ၆၈ ဒသမ ၆ ရာခိုင်နှုန်းတိုးမြင့်ခဲ့သည်။ထိုသို့ အ ကြမ်းအမြတ်တိုးမြင့်ခြင်း၏အဓိကအကြောင်းအရင်းမှာ ရိုးမဘဏ်၏ အပ်ငွေအပေါ်ပေးရသော ကုန်ကျစရိတ်ထက် အတိုးမှရရှိသောဝင်ငွေနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု မှရရှိသောဝင်ငွေများ တိုးတက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။