အစ္စရေးကို အမေရိကန်၏ ထောက်ခံမှုသည် ခိုင်ခိုင်မာမာရှိနေမည်ဖြစ်သော်လည်း ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းသားများ ထပ်မံသေဆုံးခြင်းနှင့် ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အစ္စရေးသည် အရပ်သားများကို အကာအကွယ်ပေးရန် ပိုမိုလုပ်ဆောင်ရမည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့သည်။
အစ္စရေးခရီးစဉ်အတွင်း လွိုက်အော်စတင်က “ဟားမာ့စ်ဟာ တယူသန်အုပ်စုဖြစ်ပါတယ်။ ဂါဇာကနေ အစ္စရေးကို ဘယ်တော့မှ ထပ်မံတိုက်ခိုက်နိုင်တော့မယ့် အုပ်စုမဟုတ်တော့ပါဘူး”ဟု ပြောကြားခဲ့သည်။
ငတ်မွတ်မှုနှင့် ခိုကိုးရာမဲ့တိုးလာခြင်းတို့သာမက အစ္စရေးဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂါဇာ၌ အရပ်သား သေဆုံးမှုများတိုးလာခြင်းကို ပြည်ပအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ စိုးရိမ်မှု မြင့် တက်နေချိန်တွင် လွိုက်အော်စတင်သည် အစ္စရေးနိုင်ငံကို ရောက်ရှိနေခြင်းဖြစ်သည်။
အစ္စရေးသည် ဂါဇာ၌ စစ်ဆင်ရေးနောက်တစ်ဆင့်သို့ တဖြည်းဖြည်းကူးပြောင်းသွားမည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းသို့စစ်ဆင်ရေး အပြောင်းအလဲကြောင့် ဒေသခံပြည်သူများသည် ဂါဇာကမ်းမြောင်၏ မြောက်ပိုင်းကို ပထမဆုံး ပြန်လာနိုင်ဖွယ်ရှိနေသည်ဟု ဆိုသည်။
“မကြာမီ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်မှာ မတူညီတဲ့ဧရိယာတွေကို ခွဲခြားနိုင်တော့မယ်လို့ ပြောနိုင်ပါတယ်”ဟု တဲလ်အဗစ်မြို့တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့်ပူးတွဲပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့မစ်ရှင်ပြီးမြောက်အောင်မြင်တဲ့ နေရာတိုင်းမှာ ကျွန်တော်တို့ဟာ နောက်တစ်ဆင့်ကို တဖြည်းဖြည်း ကူးပြောင်းနိုင်တော့မှာဖြစ်ပြီး ဒေသခံပြည်သူတွေ ပြန်လာနိုင်ဖို့ စတင်လုပ်ဆောင်နိုင်ပါ တော့မယ်”ဟု ဂါးလန့်ကပြောကြားခဲ့သည်။ သဘောမှာ တောင်ပိုင်းထက်မြောက်ပိုင်းတွင် မြန်မြန် အောင်မြင်နိုင်သည့်သဘောဖြစ် သည်ဟု ၎င်းက ပြောကြားသည်။
မိမိသည် အစ္စရေးစစ်ဆင်ရေးအတွက် အချိန်ဇယားသို့မဟုတ် သက်တမ်းကို သတ်မှတ်ပေးရန် အစ္စရေးနိုင်ငံကို ရောက်ရှိလာခြင်းမဟုတ်ဟု အော်စတင်က ပြောကြားခဲ့သည်။ သို့ရာတွင် ပြင်းထန်မှု ပိုနည်းသော စစ်ဆင်ရေးများသို့ ကူးပြောင်းရေးကိစ္စများကိုဆွေးနွေးရန် အစ္စရေးသို့ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒါဟာ စစ်ဆင်ရေးအဆုံးသတ်တာကို အချက်ပြလိုက်တာမဟုတ်ပါဘူး။ ဒါဟာရံဖန်ရံခါမှာ ပိုမိုတိတိကျကျလုပ်၊ သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ပိုမိုအာရုံစိုက်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
နှစ်လကျော် ကြာမြင့်နေပြီဖြစ်သော စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို အစ္စရေးထိုးစစ်ဆင်နေခြင်းကြောင့် ပါလက်စတိုင်းသား ၁၉,၄၅၃ ဦး သေဆုံးသွားခဲ့ပြီး လူ ၅၂,၂၈၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ဟားမာ့စ်စစ်သွေးကြွများကို လုံးလုံး အောင်နိုင်ရမည်ဟု ပြောကြားထားသည်။
စစ်မြေပြင်တွင် ပိတ်မိနေသော အရပ်သားများ ထိခိုက်မှုလျော့နည်းအောင်ဆောင်ရွက်ရေးကိစ္စကို မိမိသည် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်နှင့် ဆွေးနွေးခဲ့သည်ဟု တဲလ်အဗစ်သတင်းစာရှင်းလင်းပွဲတွင် အော်စတင်က ပြောကြားခဲ့သည်။
“ဘယ်စစ်ဆင်ရေးမှာမဆို အဆင့်တွေဆိုတာရှိပါတယ်။ ပဋိပက္ခအတွင်းမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ဂါဇာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်တာများလာစေဖို့ ကျွန်တော်တို့ ဆက်လက်တိုက်တွန်းနေပါတယ်”ဟု အော်စတင်က ပြောကြားသည်။