ဒေသတွင်း၌ တရုတ်၏သြဇာလွှမ်းမိုးမှု အားလျော့စေရန် နယူးဒေလီက ကြိုးပမ်းနေစဉ် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက အာဆီယံခေါင်းဆောင်များအား အိန္ဒိယနိုင်ငံတော်နေ့ အခမ်းအနားသို့ ဂုဏ်ထူးဆောင် ဧည့်သည်များအဖြစ် တက်ရောက်ရန် ဖိတ် ကြားခဲ့ကြောင်း သိရသည်။
အိန္ဒိယသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် ဆက်ဆံရေး ၂၅ နှစ်ပြည့်အဖြစ် ဇန်နဝါရီ ၂၅ ရက်တွင် အာဆီယံခေါင်းဆောင်များနှင့် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံတော်နေ့ အခမ်းအနားသို့ အာဆီယံခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
တပ်ဖွဲ့ဝင်များနှင့် လက်နက်များအား ထုတ်ဖော်ပြသ၍ ၎င်း၏ စစ်အင်အားကို ပြသသည့် ထိုနိုင်ငံတော်နေ့အခမ်းအနားသို့ အိန္ဒိယက အစဉ်အလာအားဖြင့် ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် ပြည်ပဧည့်သည်တော်တစ်ဦးကိုသာ ဖိတ်ကြားလေ့ရှိသည်။
သို့သော် ယခုနှစ်တွင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဘရူနိုင်း ခေါင်းဆောင်များအား ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အဖွဲ့အစည်းတစ်ခုကို ဖိတ်ကြားမှု သည် ပထမဆုံးအကြိမ်ဖြစ်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယင်းအခမ်းအနားသို့တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်အားလုံးက အတည်ပြုခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူပရီးတီဆာရန်က ပြောကြားခဲ့သည်။
မိုဒီသည် ၎င်း၏ Act East မူဝါဒမှတစ်ဆင့် အိန္ဒိယအား တရုတ်နှင့်မတူသော အခြား ရွေးချယ်စရာတစ်ခုအဖြစ် ပြသနိုင်ရန် ကြိုးပမ်းနေပြီး ဒေသတွင်းပြိုင်ဘက်၏ သြဇာလွှမ်းမိုးမှုအား တန်ပြန်ရန် အာဆီယံအဖွဲ့နှင့် ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှု များကို တိုးမြှင့်နေသည်။
အာဆီယံခေါင်းဆောင်များ၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း မိုဒီသည် လွတ်လွတ်လပ်လပ်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒေသတွင်းရေကြောင်း လုံခြုံရေးက အဓိကအာဂျင်ဒါဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သို့သော် အာဆီယံနိုင်ငံအချို့ ပါဝင် ပတ်သက်နေသည့် တရုတ်နှင့်ရေပိုင်နက် အငြင်းပွားမှုပြဿနာဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်တွင် သန္တာကျောက်တန်းများ နှင့် သဲသောင်များတစ်ဝိုက် တရုတ်က ကြီးကြီးမားမား မြေယာဖော်ထုတ်မှု လုပ်ဆောင် နေသည့်အကြောင်းအရာကို ထည့်သွင်းဆွေးနွေးခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အိန္ဒိယသည် တရုတ်နှင့်မတူသော အခြားရွေးချယ်စရာတစ်ခုအဖြစ် အခိုင်အမာ ပြသနေပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပန်းတိုင် အဖြစ်လည်း ပြသနေကြောင်း ဒေလီအခြေစိုက် ပညာရှင်အဖွဲ့ Observer Research Foundation မှ သုတေသီ ဂျေးရှ်ရီးဆန်ဂုပတားက ပြောကြားခဲ့သည်။